နေပြည်တော် စက်တင်ဘာ ၁၆၊
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်ခဲ့သည်၊ နေပြည်တော်၌ မည်သူများနှင့် တွေ့ဆုံခဲ့သည်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်တို့ကို လက်ရှိရရှိထားသည့် အချက်အလက်များအရ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ Kyaw Minဆိုငသည့်ဖေ့စ်ဘုတ်ခ်အကောင့်တွင်ဖော်ပြထားခြင်းဖြစ်သည်။
ခရီးစဉ်အတွက် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပြီး လေယာဉ်မှတ်ပုံတင်အမှတ်မှာ 83-0498 ဖြစ်ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါလေယာဉ်သည် ပျံသန်းရာတွင် “SPAR14” Call Sign ကို အသုံးပြုထားကြောင်းလည်း မှတ်တမ်းများအရ သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် အဆိုပါလေယာဉ်သည် နေပြည်တော်လေဆိပ် (NYT) မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DMK) သို့ ပျံသန်းခဲ့ကြောင်း ပျံသန်းမှုခြေရာခံမှတ်တမ်းတွင် ဖော်ပြထားသည်။
ယခုခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံ၊ ခရီးစဉ်ရည်ရွယ်ချက်၊ တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုနိုင်သည့် တရားဝင်သတင်းထုတ်ပြန်ချက် သို့မဟုတ် သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များကို လက်ရှိအချိန်အထိ မရရှိသေးပေ။
SPAR14 ဆိုသည်မှာ အမေရိကန် လေတပ် (USAF) က အဆင့်မြင့်အရာရှိကြီးများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် စစ်ဘက်ဆိုင်ရာ လေယာဉ်ခေါ်ဆိုမှုအမှတ်အသား (Flight Callsign) တစ်ခု ဖြစ်ကြောင်းသိရသည်။

