#Local_News
Published_4 July 2022

 

သရုပ်ဆောင် သင်ဇာဝင့်ကျော် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ထုတ်ပြန်လိုက်သည်။

 

SS Army အမှတ်တံဆိပ်ပါအင်္ကျီဖြင့် မင်္ဂလာညစာစားပွဲတစ်ခုသို့ တက်ရောက်သည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ပုံများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် "မိမိတို့ SSPP/SSA အဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးရန် ကမ်းလှမ်းဖိတ်ကြားခဲ့ပါသည်။ ဇူလိုင်လ ၃ ရက်တွင် စတင်ရိုက်ကူးခဲ့ပါသည်။ ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက် ချီးမြှင့်ပေးခဲ့ရသည်ကို သတို့သား သတို့သမီး မိသားစုကလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖော်ပြ အပ်ပါသည်။ နိုင်ငံကျော်မင်းသမီးသင်ဇာဝင့်ကျော်သည် တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်း မဟုတ်ဘဲသာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်းဖြစ်သည်။"ဟု ဖော်ပြထားသည်။

 

လူမှုကွန်ရက်တွင် အဆိုပါ မင်္ဂလာဧည့်ခံပွဲမှာ (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု၏သမီး မင်္ဂလာပွဲဖြစ်ကြောင်းလည်း ရေးသားနေကြသည်။

 

ယင်းမင်္ဂလာပွဲအခမ်းအနားတွင် သင်ဇာဝင့်ကျော်နှင့်အတူ လက်ရှိ သူမ၏ ချစ်သူကိုလည်း ဓာတ်ပုံများတွင်တွေ့ရသည်။

 

ymg/mt
#Yangon_Media_Group