#Local_News
Published_ 16 July 2022

လျှပ်စစ်မီးသုံးစွဲသူများသည် မိမိတို့နေ့စဉ်သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ပမာဏနှင့် အချက်အလက်များကို ဖုန်းထဲမှ အချိန်မရွေးကြည့်ရှုနိုင်ပြီး ဌာနအနေဖြင့်လည်း တပ်ဆင်ထားသည့် မီတာများအပေါ် မသမာမှုများ ပြုလုပ်ထားခြင်း ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးနိုင်မည့်အပြင် မီတာခကျသင့်ငွေကိုလည်း ဖုန်းဖြင့်ပေးဆောင်နိုင်မည့် Advanced Metering Infrastructure AMI စနစ်သုံး Smart Meter များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် Losses ဟုဆိုသည့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မီတာဖတ်သူများ၏ လွဲမှားမှုကြောင့် Losses များ ဖြစ်ပေါ်နိုင်သလို လျှပ်စစ်မီးသုံးစွဲသူများ၏ နည်းမျိုးစုံဖြင့် မသမာမှုပြုလုပ်ခြင်းများကြောင့်လည်း Losses များ ဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါ Losses များကို ဖြေရှင်းနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် AMI စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။

 

"AMI စနစ်ကို နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ မြို့နယ်အားလုံး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ပျဉ်းမနား၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ မြို့နယ်တွေမှာ AMI စနစ်သုံး Smart Meter တွေ တပ်ဆင် လျက်ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှာဆိုရင် သုံးမြို့နယ်မှာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ၂၉ မြို့နယ်မှ ဒီ AMI စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒီ AMI စနစ်ကို အသုံးပြုတဲ့အတွက် ဖုန်းထဲမှ တစ်ဆင့် လစဉ်မီတာခ ဘယ်လောက်ကျသင့်မလဲဆို တာ သိရှိနိုင်မယ်။ ကြွေးကျန် ရှိ၊ မရှိ၊ နောက် Mobile Application မှ တစ်ဆင့် ငွေပေးချေနိုင်မယ်။ လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုတွေလည်း လျော့နည်းသွားမယ်။ ဌာနအတွက်ရော လျှပ်စစ်မီးသုံးစွဲတဲ့ ပြည်သူတွေ အတွက်ရော ကောင်းမွန်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၉ မြို့နယ်တွင် Advanced Metering Infrastructure AMI စနစ်ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြို့နယ်များတွင် ယခင်က လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း ခန့်အထိ ရှိနေရာမှ ယခုအခါတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုမှာ ၆ ရာခိုင်နှုန်းခန့်သာရှိတော့သဖြင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၉ ရာခိုင်နှုန်းခန့် သက်သာခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group