#Local_News
Published_ 22 July 2022

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ဇူလိုင် ၂၁ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။


ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားပြီး မိမိနိုင်ငံကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား လေးမျိုးဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

ထိုသို့စတင်ဆောင်ရွက်ချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၂၆ ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် ၆၄၈ ဦး ရှိပြီဖြစ်ပါတယ်။

 

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ တစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် လူတွေ့စစ်ဆေး အကဲဖြတ်ရန် ကျန်ရှိသည့် လျှောက်ထားသူ ၃၉ ဦးနှင့် မိသားစု ၁၂ ဦး၊ ယခု ထပ်မံလျှောက်ထားသူ ၁၁ ဦးနှင့် မိသားစု ခုနစ်ဦး စုစုပေါင်းလျှောက်ထားသူ ၅၀ နှင့် မိသားစုဝင် ၁၉ ဦး စုစုပေါင်း ၆၉ ဦးရှိကြောင်း သိရပါတယ်။

 

ထို့နောက် PR လျှောက်ထားသူ ၁၂ ဦးအား ထပ်မံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (PR System) ကျင့်သုံးခွင့် ပြုရခြင်း၏ ရည်ရွယ်ချက်၊ PR လျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ PR နည်းဥပဒေ ပြဋ္ဌာန်းမှုနှင့် PR နည်းဥပဒေ အပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်ရေး ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ယခုအစည်းအဝေးတွင် PR လျှောက်ထားသူ ၁၂ ဦးအား လူတွေ့အကဲဖြတ် စစ်ဆေးကာ ၎င်းတို့နှင့်အတူ လျှောက်ထားတဲ့ မိသားစုဝင် ကိုးဦးအပါအဝင် စုစုပေါင်း ၂၁ ဦးအတွက် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group