#Local_News
Published_22 July 2022

 

ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ရေယာဉ်ဆီတွဲများနှင့်ဆီတင်ယာဉ်များတွင် Global Positioning System (GPS)အမြန်ဆုံးတပ်ဆင်ရန် ညွှန်ကြားလိုက်သည်။

 

တစ်နေရာမှ တစ်နေရာသို့ စက်သုံးဆီများ သယ်ယူပို့ဆောင် လက်ခံ ဖြည်းတင်းမှုများ ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်သော စိစစ်ကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ယာဉ်မတော်တဆမှု ထူးခြားမှုများကို အချိန်နှင့် တပြေးညီသိရှိ စိစစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။

 

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်သည့်ကုမ္ပဏီများ၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS တပ်ဆင်ထားပြီးဖြစ်ပါကလည်း GPS တပ်ဆင်ထားရှိမှု အချက်အလက်များကို ဇူလိုင်လ ၂၈ ရက် နောက်ဆုံးထား၍ ဦးစီးဌာနကိုပေးပို့ကြရန်လည်း အကြောင်းကြားထားသည်။

 

GPS မတပ်ဆင်ရသေးပါက နှစ်သက်ရာ GPS နှစ်သက်ရာ GPS တပ်ဆင်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ သြဂုတ်လ ၅ ရက် နောက်ဆုံးထား တပ်ဆင်ကြရန်နှင့် တပ်ဆင်ပြီးပါကလည်း အထက်ပါအတိုင်း စာရင်းများကို ပေးပို့ကြရန် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက လုပ်ငန်းရှင်များကို အကြောင်းကြားထားသည်။

 

ဆီတင်ရေယာဉ်တွဲနှင့် ယာဉ်များတွင် လုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်လက်မှတ်မပါရှိခြင်း၊ GPS တပ်ဆင်ထားမှုမရှိခြင်းတို့ကို စိစစ်တွေ့ရှိပါက စက်သုံးဆီ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခွင့်ပြုမည် မဟုတ်တော့ကြောင်းလည်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group