#Local_News
Published_ 16 July 2022

 

စိန့်ပီတစဘတ် Polytechnic State University နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးတို့မှ နည်းပညာတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ရေး အလားအလာများရှိကြောင်း သိရပါတယ်။

 

နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University သို့ သွားရောက်လေ့လာခဲ့ရာတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။

 

နစက ဥက္ကဌအား Polytechnic State University တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy က သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်လိုပြီး၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ စေလွှတ်ဆောင်ရွက်ခဲ့မှုကိုအခြေခံ၍ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဆောင်ရွက်လိုတဲ့ အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။

 

နစကဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် သင်တန်းသားများ ပညာသင်ကြားခဲ့မှု၊ လက်ရှိတွင်လည်း ပညာတော်သင် သင်တန်းသားအရာရှိ အများအပြား တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် Polytechnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

 

အဆိုပါ St. Petersburg Polytechnic State University သည် ရုရှားနည်းပညာဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ပြီး Peter the Great Polytechnic Institute သို့မဟုတ် Kalinin Polytechnic Institute ဟုလည်း ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုဗယ်ဆုရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်ပါတယ်။

 

တက္ကသိုလ်ကို အင်ဂျင်နီယာဌာနခွဲ၊ ရူပဗေဒဌာနခွဲနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဌာနခွဲဟူ၍ ဌာနခွဲကြီး ၃ ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အခြားသော CIS အဖွဲ့ဝင်နိုင်ငံများ ကျောင်းသားများအပါအဝင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါတယ်။

 

ymg-mnn
#Yangon_Media_Group