နေပြည်တော်၊ ဧပြီ ၁၀ - ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် သက်တမ်းရင့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေမှ ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် North Petro-Chem Corporation (Myanmar) Limited (NPCM) နှင့် ရေနံတိုးတက်ထုတ်ယူရေးစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။

ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသော အဆိုပါ လက်မှတ်ရေး ထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘော  တူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေနံစိမ်းများ ပိုမိုထွက်ရှိလာပါက ပြည်တွင်း၌ စက်သုံးဆီများ တိုးမြှင့်ချက်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း  ပြောကြားသည်။

သက်တမ်းရင့် ရေနံမြေများနှင့် နည်းပညာလိုအပ်ချက်

မြန်မာနိုင်ငံရှိ ရေနံမြေအများစုမှာ သက်တမ်း နှစ် (၁၀၀) ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ယခုစာချုပ်ချုပ်ဆို  သည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်း နှစ် (၅၀) ခန့်ရှိပြီဖြစ်သည်။  ထို့ကြောင့် ထုတ်လုပ်မှုတိုးတက်စေရန် ခေတ်မီနည်းပညာ၊ သင့်လျော်သော စက်ပစ္စည်းနှင့် အရင်းအနှီးများစွာ လိုအပ်  လျက်ရှိရာ ယင်းအချက်များကို ဟန်ချက်ညီ ဖြည့်ဆည်းပေးနိုင်မည့် အသင့်လျော်ဆုံး အဖွဲ့အစည်းအဖြစ် NPCM ကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

စက်သုံးဆီအကျပ်အတည်းနှင့် အစိုးရ၏ ဖြေရှင်းမှု

ကမ္ဘာတစ်ဝှမ်း စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိလာမည့် ရေနံစိမ်းများကို ပြည်တွင်း၌ပင် ကိုယ်တိုင်ချက်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။  ယင်းအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ရန် စီမံနေသကဲ့သို့၊ ၁၉၈၂ ခုနှစ်က တည်ဆောက်ခဲ့  သော သံပရာကန် ရေနံချက်စက်ရုံကိုလည်း စွမ်းအားပြည့် လည်ပတ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွား   မည်ဖြစ်သည်။

ထို့အပြင် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေးအတွက် ရေနံလက်ယက်တွင်း တူးဖော်မှုများကို ပိတ်သိမ်းခဲ့သည်။ ယင်းအစား ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း (၃၆) ခုကို စံချိန်စံညွှန်းမီ နည်းစနစ်ကျတွင်း (Standard Well) များ တူးဖော်ခွင့်ပြုထားပြီး မကြာမီ စတင် လုပ်ငန်း များစတင်ဆောင်ရွက်တော့မည်ဖြစ်ရာ ပြည်တွင်းရေနံစိမ်းထွက်ရှိမှု ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းရသည်။

စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရန် ကြိုးပမ်းသွား   မည်ဖြစ်ကြောင်း NPCM ဥက္ကဋ္ဌက အခမ်းအနားတွင် ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတော်အတွက် နစ်နာမှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူကာ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း တည်ရှိသော ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ထောက်ရှာပင်ရေနံမြေကို ၁၉၆၉ ခုနှစ်ဝန်းကျင်တွင် စတင်တွေ့ရှိခဲ့ပြီး ကမ်းနီရေနံမြေကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆက်လက်ဖော်ထုတ်ခဲ့သည်ဟုသိရသည်။ ၁၉၈၅ခုနှစ်ခန့်တွင် ထုတ်လုပ်မှု အမြင့်မားဆုံ  းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရေနံစိမ်းထွက်ရှိမှုများဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

#ymg/knl