#LocalNews
Published_15 June 2022

 

ကိုဗစ်မတိုင်မီက ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမည့် MOU စာချုပ်ချုပ်ဆိုထားသူများအနေဖြင့် မိမိတို့ချိတ်ဆက်ထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ပြန်လည်ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် MOU လုပ်သားများအား ထိုင်းနိုင်ငံသို့စေလွှတ်ခြင်းကို ခေတ္တဆိုင်းငံ့ခဲ့ရခြင်း ဖြစ်သောကြောင့် ယခုအခါ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်၍ ပြန်လည် ဆက်သွယ်ကြရန် အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

 

"အခုက အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပြန်လွှတ်နေပြီဆိုတော့ အရင်က ချုပ်ဆိုထားတဲ့သူတွေ အနေနဲ့ Demand အလိုက် ပြန်လည်စေလွတ်နိုင်ဖို့အတွက် ဆက်သွယ်ကြစေလိုတာပါ၊ ကိုဗစ်မတိုင်ခင်က ပွင့်ဖူးအောင်နဲ့ ချုပ်ထားတာ လူ ၄၀၀ ကျော်လောက် ရှိတယ်။အခု ပြန်ပြီးတော့ လမ်းကြောင်းပွင့်တဲ့အခါ ၂၀၀ လောက် ဆက်သွယ်ထားကြပြီးပြီ၊ တချို့ကလည်း မလုပ်ဖြစ်တော့လို့ ဝန်ဆောင်ခကို ပြန်ထုတ်တာ ရှိတယ်။ အခု ပွင့်ဖူးအောင်နဲ့ MOU လုပ်ထားတဲ့ လုပ်သားထဲမှာ ကျန်နေတာက အယောက် တစ်ရာလောက် ရှိတယ် "ဟု ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူက ပြောသည်။

 

ပြီးခဲ့သည့် မေလ ဒုတိယပတ်ကစ၍ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ နှစ်ထောင်ကျော် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group