#Local_News
Published_ 28 May 2022

 

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၅၀ ဦး မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၂ တံတားကနေ မေလ ၂၆ ရက်နေ့တွင် ထပ်မံစေလွှတ် ခဲ့ကြောင်းသိရပါတယ်။

 

အဆိုပါမြန်မာလုပ်သားများကို ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင် အေဂျင်စီ၊ ယွန်းနဒီဦး အေဂျင်စီ၊ New Covenant အေဂျင်စီ ကုမ္ပဏီတို့မှ တာဝန်ယူစေလွှတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင်အေဂျင်စီကုမ္ပဏီမှ တာဝန်ယူစေလွှတ်လိုက်သည့် လုပ်သား ၁၅၀ ဦးသည် ထိုင်းနိုင်ငံ၊ ဆူဖန်မြို့ရှိ ကြက်သားစက်ရုံသို့ သွားရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

 

ထို့အတူ ပြည်အလုပ်အကိုင်အကျိုးဆောင် ယွန်းနဒီ‌ဦး အေဂျင်စီကုမ္ပဏီမှ တာဝန်ယူစေလွှတ်လိုက်သည့် လုပ်သား ၄၉ ဦးသည် ထိုင်းနိုင်ငံ၊ နခွန်းနာယုတ်မြို့ရှိ Chuseng Farm Co., Ltd ကုမ္ပဏီပိုင် မွေးမြူရေးလုပ်ငန်းသို့ သွားရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

 

ပြည်ပအလုပ်အကိုင်အကျိုးဆောင် New Covenant အေဂျင်စီကုမ္ပဏီကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ကြမ်းခင်းအထပ်သားထုတ်လုပ်ရေးစက်ရုံသို့ လုပ်သား ၉၈ ဦးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကလေးကစားစရာ အရုပ်ချုပ်လုပ်သည့်စက်ရုံသို့ လုပ်သား ၅၇ ဦး၊ စုစုပေါင်း ၁၅၅ ဦးကို မဲဆောက် - မြဝတီ ချစ်ကြည်ရေး အမှတ် ၂ တံတားမှ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group