Published_ 27 May 2022

မဟာပါသာဏလိုဏ်ဂူတော်သိမ်တော်ကြီး၏ သက်တမ်းမှာ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်း ပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဒီကနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတွေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ကာ ဆောက်လုပ်ရေးအရာရှိနှင့်လုပ်သား ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလ ၁၀   ရက်နေ့တွင် တည်ဆောက်ပြီးစီး ခဲ့ပါတယ်။

လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထို့ပြင် အခြားသော ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် အခမ်းအနားကြီးများကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ymg-mnn

#Yangon_Media_Group