#Local_News
Published_ 28 May 2022

 

ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အား အသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဌက ပြောကြားခဲ့ပါတယ်။

 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး လိုအပ်တဲ့လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာမှနည်းပညာများကို လေ့လာ၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ပစ္စည်းများနှင့်ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်း အနေဖြင့် ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှာကြားခဲ့ပါတယ်။

 

ဒီဇယ်လျှပ်စစ် ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား(EMU)အထိပြေးဆွဲ နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ယခုရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဒီဇယ်လျှပ်စစ်သုံး ရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေပြီး မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

ထိုမှတဆင့် တစ်နိုင်ငံလုံးရှိ အဓိကကျသည့်နေရာများကို လျှပ်စစ်ရထား အသုံးပြု ပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထား စက်ခေါင်းများနှင့် ရထားတွဲများကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန် မှာကြားခဲ့ပါတယ်။

 

တစ်နိုင်ငံလုံးလျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ် စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ၎င်းမှတဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပါတယ်။

 

ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့ပတ်ဒီဇယ် စက်ခေါင်းရုံသို့ရောက်ရှိပြီး ဂျပန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း အသစ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group