#Local_News
Published 18 September 2026

■ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ တွင် ကျင်းပလျက်ရှိသည့် 23rd China-ASEAN Expo (CAEXPO 2026) အတွင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (Myanmar Women Entrepreneurs Network – MYANWEN) နှင့် Nanning Women Entrepreneurs Association တို့အကြား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

■ အဆိုပါ MoU ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုဖော်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ MoU အရ နှစ်နိုင်ငံရှိ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် များအကြား လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများတိုးမြှင့်ခြင်း၊ စီးပွားရေးနှင့်ကုန်သွယ်ရေး အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ Business Networking နှင့် Business Matching လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

■ ထို့ပြင် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးလုပ်ငန်း အတွေ့ အကြုံများ၊ အသိပညာနှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို အပြန်အလှန် ဖလှယ်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

■ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနှင့် တရုတ်နိုင်ငံရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်သွယ်ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများဖန်တီးနိုင်မည်ဟုမျှော်လင့်ထားကြောင်း သိရသည်။

■ 23rd China-ASEAN Expo (CAEXPO 2026) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပလျက်ရှိပြီး အဆိုပါပြပွဲသို့ အာဆီယံနိုင်ငံများအပါအဝင်နိုင်ငံနှင့်ဒေသအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times