#Local_News
Published 18 September 2026
■ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇/၆ အနီးတွင် ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက် ၀၀:၃၀ နာရီခန့်က ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် Express ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းပုခုံးပေါ် ရောက်ရှိရပ်တန့်ခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ အသိပေးချက်အရ သိရသည်။
■ ဖြစ်စဉ်တွင်SUNLONG အမျိုးအစား ရွှေလရောင် Express ယာဉ် သည် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၂ ဦး လိုက်ပါလာပြီး ကျွဲကောသီးအိတ်များကို ခန့်မှန်းအလေးချိန် တစ်တန်ခန့် တင်ဆောင်လာခဲ့ကြောင်း ၊ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
■ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်း အသုံးပြုသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းများ တင်ဆောင်မောင်း နှင်ခြင်း မပြုရန်၊ ခရီးစဉ်မစတင်မီ ယာဉ်ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန် သတိပေးထားပြီး အမြန်လမ်းပေါ်တွင် မှန်လုံခရီးသည်တင်ယာဉ်ကြီးများအနေဖြင့် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များအနေဖြင့် တစ်နာရီ ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်နှင့် ပစ်ကပ်ယာဉ်များအနေဖြင့် တစ်နာရီ ၆၀ ကီလိုမီတာနှုန်းထက်မကျော်လွန်ဘဲ မောင်းနှင်ကြရန်အသိပေးထားကြောင်းသိရသည်။
ဓာတ်ပုံ - အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
#YMG/SW #Yangon_Times