#Local_News
Published 09 October 2026
■ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာ့ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
■ အဆိုပါ ဆန်အရည်အသွေးပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute နှင့် The Rice Trader တို့က ကြီးမှူး၍ နိုင်ငံတကာမှဆန်အမျိုးအစားပေါင်းစုံကို ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
■ မြန်မာ့ပေါ်ဆန်းဆန်သည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် ညီလာခံတွင်လည်း ယခုဆုကို ပထမအကြိမ် ဆွတ်ခူးခဲ့ဖူးသဖြင့် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ရရှိခြင်းဖြစ်သည်။
■ အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ မနီလာမြို့၌ ကျင်းပလျက်ရှိသည့် ၎င်းနိုင်ငံတကာဆန်စပါးညီလာခံနှင့် ပြပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် MRF တို့မှ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့၊ ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်။
■ ခရီးစဉ်အတွင်း ဖိလစ်ပိုင်၊ မလေးရှားနှင့် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန် တင်ပို့မှုတိုးမြှင့်နိုင်ရေး နားလည်မှုများ ရယူနိုင်ခဲ့သည့်အပြင် တက်ရောက်လာသည့် ကုမ္ပဏီများအကြား အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေး စေတနာစကားများ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။
■ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တန်းမြင့်ဆန် တန်ချိန် ၃ သန်း တင်ပို့ရန် ရည်မှန်းထားပြီး အဆိုပါ ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times