#Local_News
Published 09 October 2026

■ သတ်မှတ်စံနှုန်းထက် Benzoic Acid ၂ ဒသမ ၅၆ ဆကျော်လွန်ပါဝင်နေသည့် ‘ကင်းမွန်’ အမှတ်တံဆိပ် ပဲငံပြာရည်နှင့် နိုက်ထရိုဂျင်ပါဝင်မှု စံနှုန်းမမီသည့် ‘ကျားနဂါး’ အမှတ်တံဆိပ် မြိတ်ငံပြာရည်တို့ကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။

■ FDA ၏ စစ်ဆေးတွေ့ရှိချက်အရ ကင်းမွန်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကင်းမွန်’ ပဲငံပြာရည် ၇၅၀ မီလီလီတာတွင် တာရှည်ခံပစ္စည်း Benzoic Acid ပါဝင်မှုမှာ တစ်ကီလိုဂရမ်လျှင် ၂,၅၅၉ ဒသမ ၂၆ မီလီဂရမ်ရှိပြီး သတ်မှတ်ပမာဏဖြစ်သည့် ၁,၀၀၀ မီလီဂရမ်ထက် ၂ ဒသမ ၅၆ ဆခန့် ကျော်လွန်နေကြောင်း သိရသည်။

■ အဆိုပါပဲငံပြာရည်၏ ထုတ်လုပ်သည့်ရက်စွဲမှာ ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်ဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်မှာ ၂၀၂၇ ခုနှစ် မေလ ၁၉ ရက်ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သည့် နမူနာကို မန္တလေးတိုင်းဒေသကြီး၊ ဈေးချိုဈေးမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။

■ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျားနဂါးမြိတ်ငံပြာရည်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကျားနဂါး’ မြိတ်ငံပြာရည် ၁,၀၀၀ မီလီလီတာတွင် နိုက်ထရိုဂျင်ပါဝင်မှုသည် သတ်မှတ်စံနှုန်းအောက် လျော့နည်းနေကြောင်း FDA ၏ စစ်ဆေးချက်အရ သိရသည်။

■ ထို့ပြင် အဆိုပါမြိတ်ငံပြာရည်တွင် ထုတ်လုပ်သည့်ရက်စွဲ ဖော်ပြထားခြင်းမရှိကြောင်း သိရပြီး စစ်ဆေးခဲ့သည့် နမူနာကို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူဈေးရှိ မချစ်ချစ်ဆိုင်မှ ကောက်ယူခဲ့ခြင်းဖြစ်သည်။

■ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများ မပြည့်မီသည့် အဆိုပါအစားအသောက်ထုတ်ကုန်နှစ်မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် FDA က အသိပေးထားသည်။

#YMG/SW #Yangon_Times