#Local_News
ပေကျင်း၊ စက်တင်ဘာ ၁၆

■ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ အမှတ် (၄၈) သင်္ဘောစောင့်ကြပ်ရေးတပ်ဖွဲ့ သင်္ဘောအုပ်စု သည် အေဒင်ပင်လယ်ကွေ့၌ တာဝန်ထမ်းဆောင်မှုများ ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ အပြန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကိုကိုးကး၍ ဆင်ဟွာ သတင်းတွင်ရေးသားသည်။

■ တရုတ်ရေတပ်တပ်ဖွဲ့သည် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

■ မြန်မာနိုင်ငံသို့ လာရောက်စဉ် တရုတ်ရေတပ်နှင့် မြန်မာဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ကျွမ်းကျင်မှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရေတပ်သင်္ဘောများကို အများပြည်သူ လေ့လာကြည့်ရှုနိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

■ သို့သော် မြန်မာနိုင်ငံသို့ ရောက်ရှိမည့်ရက်၊ ဆိုက်ကပ်မည့်ဆိပ်ကမ်းနှင့် ခရီးစဉ်ကြာမြင့်ချိန်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသေးပေ။

■ အဆိုပါခရီးစဉ်များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ကျန်းပင်က ပြောသည်။

■ အိမ်နီးချင်းနိုင်ငံများနှင့် မျှဝေအနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးကိုလည်း အထောက်အကူပြုမည်ဟု ၎င်းက ဆိုသည်။

■ မြန်မာနိုင်ငံသို့ လာရောက်မည့် အမှတ် (၄၈) သင်္ဘောစောင့်ကြပ်ရေးတပ်ဖွဲ့တွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Tangshan၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော Daqing နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော Taihu တို့ ပါဝင်သည်။

■ အဆိုပါ ရေတပ်သင်္ဘောသုံးစင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်၌ သင်္ဘောစောင့်ကြပ်ရေးတာဝန်များ ထမ်းဆောင်ရန် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

■ တရုတ် PLA ရေတပ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်တို့၌ သင်္ဘောစောင့်ကြပ်ရေးတာဝန်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ဆောင်ရွက်လာခဲ့သည်။

#YMG #Yangon_Times #Yangon_Media_Group