#Local_News
Published 20 October 2026
■ စက်ရုံမှထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောသည်။
■ ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
■ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူတင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သောချည်ထည်နှင့် ကုန်ကြမ်းများရရှိရေးနှင့် ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာ စက်ရုံအပေါ် မှီခိုနေသည့်အလုပ်သမား ၇၀၀ ကျော် အလုပ်အကိုင်များ ရရှိမည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများလည်း အဆင်ပြေမည်ဖြစ်ကြောင်းပြောကြားသည်။
■ ထိုသို့သွားရောက်စဉ် စက်ရုံတာဝန်ရှိသူများက စက်ရုံအနေဖြင့် အထည်ချုပ်အလုပ်သမားဦးရေ ၇၀၀ ကျော်ဖြင့် နေ့စဉ်လည်ပတ်ထုတ်လုပ်နိုင်မှု၊ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ Export တင်ပို့နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times