#Local_News
Published 10 November 2026
■ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း အဆင့်မြှင့်တင်ရေးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်းအတွက် စက်ပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးရေးစီမံကိန်းတို့၏ လုပ်ငန်းများကို နိုဝင်ဘာ ၉ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ မြန်မာ-အိန္ဒိယ အသေးစားဖွံ့ဖြိုးမှုစီမံကိန်း (SDP) နှစ်ခု၏ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တက်ရောက်ခဲ့ကြသည်။
■ ပထမစီမံကိန်းအနေဖြင့် ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းကို အဆင့်မြှင့်တင်ခဲ့ပြီး သင်တန်းဆောင်အသစ် ဆောက်လုပ်ခြင်း၊ ရှိပြီးသားအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အဝီစိတွင်းတူးဖော်ခြင်းအပြင် သင်ထောက်ကူပစ္စည်းနှင့် ပရိဘောဂများပံ့ပိုးပေးခဲ့သည်။
■ ဒုတိယစီမံကိန်းအရ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ၊ ထားဝယ်နှင့် ဟားခါးမြို့တို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်းသို့ ဆိုလာလျှပ်စစ်စနစ်များ၊ အပ်ချုပ်စက်များ၊ ကြယ်သီးပေါက်ဖောက်စက်များနှင့် ကြယ်သီးတပ်စက်များ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
■ ယင်းစီမံကိန်းနှစ်ခုအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ အောင်မြင်စွာပြီးစီး၍ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။
■ စီမံကိန်းများမှတစ်ဆင့် အမျိုးသမီးများအနေဖြင့် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာရပ်များကို ပိုမိုထိရောက်စွာ သင်ယူနိုင်ပြီး လုပ်ငန်းကျွမ်းကျင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
■ အခမ်းအနားတွင် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး စီမံကိန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း၊ သင်တန်းဆောင်အသစ် ဖွင့်လှစ်ခြင်းနှင့် ပြုပြင်မွမ်းမံထားသည့် အဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
#YMG/SW #Yangon_Times