#Local_News
Published 10 November 2026
■ ပဲခူးဘူတာတွင် ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် အာဖရိကငါးခူ ၃,၉၇၁ ပိဿာခန့်၊ ကာလတန်ဖိုး ကျပ် ၂၃၄ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
■ ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင် အမှတ် (၈၁) အဆန် လူစီးရထားဖြင့် တရားမဝင်ငါးများ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
■ နံနက် ၉ နာရီ ၁၄ မိနစ်တွင် ပဲခူးဘူတာသို့ ဆိုက်ရောက်လာသည့် အဆိုပါရထား၏ နောက်ဆုံးကုန်တင်တွဲအတွင်းမှ အာဖရိကငါးခူများ ထည့်ထားသည့် ၁၀ ဂါလံဆံ့ ပလတ်စတစ်ပုံး ၃၆၁ ပုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းအလေးချိန်မှာ ၃,၉၇၁ ပိဿာခန့်ရှိကြောင်းသိရသည်။
■ ယင်းငါးများနှင့်အတူ သယ်ဆောင်လာသူ အသက် ၁၉ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times