#Local_News
Published 10 October 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံတွင် အောက်တိုဘာ ၉ ရက် ညပိုင်းက တမံဆင်ခြေလျှော ပေ ၂၀၀ ခန့် ထပ်မံလျှောကျခဲ့ပြီး ရေဝင်ရောက်နိုင်သည့် ကျေးရွာများမှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာ ကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
■ အဆိုပါရေလှောင်တမံတွင် အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီက တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ အကြား အလျား ပေ ၈၀ ခန့်၊ အကျယ် ပျမ်းမျှ ၁ လက်မခန့်နှင့် အနက် ၆ လက်မခန့်ရှိ အက်ကြောင်း ဖြစ်ပေါ်ခဲ့ပြီး တမံဆင်ခြေလျှောလည်း အလျား ပေ ၁၀၀ ခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျခဲ့ခြင်းဖြစ်သည်။
■ ထို့နောက် အောက်တိုဘာ ၉ ရက် ည ၉ နာရီတွင် အဆိုပါနေရာ၌ အလျား ပေ ၂၀၀ ခန့်၊ အကျယ် ပေ ၂၅ ခန့်နှင့် အမြင့် ၁၀ ပေခန့်ရှိ တမံဆင်ခြေလျှော ထပ်မံလျှောကျခဲ့ပြီး မူလတမံထိပ်မျက်နှာပြင်အောက်ဘက်သို့ ပေ ၂၅ ခန့် နိမ့်ကျခဲ့ကြောင်း သိရသည်။
■ လက်ရှိတွင် တမံရေပြင်အမြင့်ကို ၃၁၅ ပေတွင် ထိန်းသိမ်းထားပြီး ၃၀၅ ပေအထိ လျှော့ချနိုင်ရန် အရေးပေါ်ရေပိုလွှဲမှတစ်ဆင့် ရေထုတ်လွှတ်ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေသည်။
■ ထုတ်လွှတ်သည့်ရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ ထို့နောက် ငဝန်မြစ်အတွင်းသို့ စီးဆင်းမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများရှိ စိုက်ပျိုးမြေဧကများ ထိခိုက်မှုမရှိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
■ ရေလှောင်တမံမှ ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စုနှင့် ရေနံချက်ဖိုကုန်းကျေးရွာတို့မှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာ ကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
■ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီတွင် ဖြစ်စဉ်ဖြစ်ပွားရာသို့ ရောက်ရှိပြီး တမံလျှောကျသည့်နေရာ၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုနှင့် တမံအခြေထောက်ခြင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။
■ တမံဘေးကင်းလုံခြုံရေးအတွက် တမံအခြေထောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ ပူးပေါင်းကာ လိုအပ်သည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times