#Local_News
Published 10 October 2026
■ ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၀၂၆ ဩဂုတ် ၁၆ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁,၀၁၇,၉၆၃) ကတ်ထုတ်ပေးခဲ့ပြီး UID ကောက်ယူမှုအနေဖြင့် (၁,၁၄၃,၇၉၄) ဦး ဆောင်ရွက်ပေးခဲ့ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြောသည်။
■ အောက်တိုဘာ ၉ရက်နေ့ကယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပတဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး bအဋ္ဌမနေ့၌
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဒေါ်အေးချမ်းမုံ၏ ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအနက် အသက် (၁၈) နှစ်ပြည့်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ် လျှောက်ထားရန် လိုအပ်သူများနှင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့ကြောင့် ပြန်လည်လဲလှယ်လျှောက်ထားရန် လိုအပ်သူများအား မိမိတို့ရောက်ရှိနေသည့် ဒေသများတွင် အလွယ်တကူ လျှောက်ထားထုတ်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မည်သို့သော အစီအစဉ်များချမှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်ကဲ့သို့ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက
မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/ ၆)ဖြင့် နေထိုင်ခဲ့သော ယာယီနေရပ်စွန့်ခွာ ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ အသက် (၁၈) နှစ်ပြည့်၍ လဲလှယ်လိုခြင်း၊ အသက် (၁၀) နှစ်၊ (၁၈) နှစ်ပြည့်လာသည့် သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုခြင်းစသည့်အကြောင်းအမျိုးမျိုးဖြင့် လက်ရှိနေထိုင်ရာ ဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားပါက e-ID Server အတွင်း ဖြည့်သွင်းထားသည့် ၎င်းတို့၏ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ် မှန်/ မမှန်၊ ကိုယ်ရေးအချက်အလက် မှန်/ မမှန် ဦးစွာတိုက်ဆိုင်စိစစ်ပြီး မှန်ကန်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်းပြောကြားသည်။
■ အကယ်၍ လျှောက်ထားသူသည် တိုင်းရင်းသားဖြစ်ပြီး ယာယီနေရပ်စွန့်ခွာလာသည့် မြို့နယ်တွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူဖြစ်ပါက မူလနေထိုင်ရာဒေသတွင် နေထိုင်မှု ရှိ/ မရှိအား သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ ချိတ်ဆက်စစ်ဆေး၍ မူလနေထိုင်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ “နေထိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်” ရယူပြီး လက်ရှိနေထိုင်သည့် မြို့နယ်မှ မြို့နယ်လဝက၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ ၅ ဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားမဟုတ်သည့် ဥပဒေအရ နိုင်ငံသားအဆုံးအဖြတ်ခံယူရမည့်သူများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ်နှင့် စိစစ်ရေးကတ်ပြားတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊မူလဒေသမှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက် ၎င်းတို့ရောက်ရှိနေထိုင်ရာ မြို့နယ်အသီးသီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် မွေးဖွား၍ အိမ်ထောင်စုလူဦးရေစာရင်းတွင် အမည်စာရင်းထည့်သွင်းခြင်း၊ သေဆုံး၍ အမည်စာရင်း ပယ်ဖျက်ခြင်း၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ပျောက်ဆုံး/ ပျက်စီး၍ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး/ လဲလှယ်/ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၆ ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ဆောင်ရွက်ပေးခဲ့ပါကြောင်းပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် ယခုအစိုးရလက်ထက်တွင် ရက်ပေါင်း (၁၀၀) စီမံချက်ဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို မြို့နယ်လဝကရုံးများ၌လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန်အတွက် လမင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ရက်ပေါင်း (၁၀၀) ကာလအလွန်တွင်လည်း လမင်းစီမံချက်ဖြင့် မြို့နယ်လဝကရုံးများ၌ အိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာလုပ်ငန်းများနှင့် အသက် (၁၀) နှစ်၊ (၁၈) နှစ်ပြည့်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ စတင်ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၀၂၆ ဩဂုတ် ၁၆ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၁၇၉၆၃) ကတ်ထုတ်ပေးခဲ့ပြီး UID ကောက်ယူမှုအနေဖြင့် (၁၁၄၃၇၉၄) ဦး ဆောင်ရွက်ပေးခဲ့ပါကြောင်း ဖြေကြားသည်။
#YMG/NN #Yangon_Times