#Local_News
နေပြည်တော်၊ အောက်တိုဘာ ၂၉
■ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီနှင့် စားသုံးဆီ နှစ်စဉ်အများအပြား တင်သွင်းနေရမှု၊ ငွေကြေးတန်ဖိုးမတည်ငြိမ်မှုတို့ကို အဖြေရှာဖြေရှင်းပေးရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု၊ ပို့ကုန်နှင့် ပညာတတ်လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားသည်။
■ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် မိရိုးဖလာနည်းလမ်းများမှ ခေတ်မီနည်းပညာနှင့် သုတေသနအခြေပြု ထုတ်လုပ်မှုသို့ ပြောင်းလဲဆောင်ရွက်ရန်၊ လိုအပ်သည့် သွင်းအားစုနှင့် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများဖြည့်ဆည်းပေးရန်၎င်းကပြောကြားသည်။
■ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်လျှော့ချရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အစိုးရ၊ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လည်းမှာကြားသည်။
■ အထည်ချုပ်လုပ်ငန်း (CMP) များတွင် အလုပ်လုပ်ကိုင်သူ အများအပြားရှိသဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုအပ်ချက်များ စိစစ်ဖြည့်ဆည်းပေးရန်ပြောကြားသည်။
■ ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်က ရင်းနှီးမတည်ချေးငွေများ ထုတ်ပေးလျက်ရှိပြီး ပြည်တွင်းဖူလုံမှုရရှိပါက အိမ်နီးချင်းနှင့် ဒေသတွင်းဈေးကွက်များသို့ လိုအပ်ချက်နှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး စီစဉ်ရန်လိုကြောင်းလည်း ပြောကြားသည်။
■ ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်မှုတစ်ခုတည်းကို ရာနှုန်းပြည့်အားကိုး၍ မရကြောင်းနှင့် ပုံမှန်ကုန်သွယ်မှုမှတစ်ဆင့် ပို့ကုန်ဈေးကွက်သစ်များရှာဖွေရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။
■ တရားမဝင်ကုန်သွယ်မှုကြောင့် အခွန်ဝင်ငွေဆုံးရှုံးမှုနှင့်အရည်အသွေးအာမခံချက်မရှိသည့် ပစ္စည်းများ ဝင်ရောက်မှုတို့ ဖြစ်ပေါ်စေနိုင်သဖြင့် ဒေသအလိုက်ဖော်ထုတ်တားဆီးရန်နှင့် နယ်စပ်ကုန်သွယ်မှုကို တရားဝင်လမ်းကြောင်းများမှသာ ဆောင်ရွက်ရန်မှာကြားသည်။
■ ပညာရေးနှင့်ပတ်သက်၍ KG+9 အထိ မသင်မနေရပညာရေးကို အနိမ့်ဆုံးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကို လူများစု လက်လှမ်းမီစေရန်နှင့် မြို့ပြ၊ ကျေးလက်လူနေမှုအဆင့်အတန်းကွာဟချက်များ လျှော့ချရန်လိုကြောင်း ပြောကြားသည်။
■ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကား၍ အသက် ၂၅ နှစ်အထက် အလယ်တန်းပညာပြီးဆုံးသူ ရှစ်သန်းခန့်ရှိကြောင်း၊ ယင်းတို့အနက် အလုပ်လုပ်နိုင်သူများအတွက် ဝန်ကြီးဌာနများက အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် အမျိုးသမီးများ ကုန်ထုတ်လုပ်ငန်းများတွင် ပိုမိုပါဝင်နိုင်ရေးစီမံပေးရန်လည်းမှာကြားသည်။
■ လူငယ်များ၏ နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေးလက္ခဏာအပေါ် နားလည်မှု မြှင့်တင်ပေးနိုင်ရန် ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်နှင့် စစ်သမိုင်းပြတိုက်များသို့ ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးရန် ပြောကြားသည်။
■ အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ပြီး နိုင်ငံ၏ အရင်းအမြစ်များကို မှန်ကန်စွာအသုံးချကာ သမိုင်းတွင်မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရဖြစ်စေရန် ကြိုးပမ်းကြရန်လည်း တိုက်တွန်းသည်။
■ အားကစားကဏ္ဍတွင် အားကစားသမားများ၏ ကြံ့ခိုင်မှု၊ ခံနိုင်ရည်နှင့် ကျွမ်းကျင်မှုတို့ကို စနစ်တကျလေ့ကျင့်မြှင့်တင်ရန်၊ အားကစားနည်းအလိုက် နည်းစနစ်နည်းပြနှင့် ကြံ့ခိုင်ရေးနည်းပြများ ထားရှိရန်ပြောကြားသည်။
■ အဆင့်မြှင့်တင်ထားသည့် အားကစားကွင်းများကို စနစ်တကျထိန်းသိမ်းရန်နှင့် လာမည့်ဆောင်းရာသီတွင် ဒေသများ၊ ဝန်ကြီးဌာနများ၊ ကျောင်းများနှင့် ကျေးလက်ဒေသများအလိုက် အားကစားပြိုင်ပွဲများကို ပကာသနမဖက်ဘဲ လူထုလှုပ်ရှားမှုအဖြစ် ကျင်းပရန်မှာကြားသည်။
■ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
#YMG #Yangon_Times #Yangon_Media_Group