#Local_News
Published 29 October 2026

■ မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးမြှင့်တင်ရန်နှင့် လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လာရုစ်နိုင်ငံနှင့်လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့်အလားအလာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က အောက်တိုဘာ ၂၈ ရက်တွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

■ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပနေသည့် နှစ် ၃၀ ပြည့် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်၏ စကားဝိုင်းဆွေးနွေးပွဲ (Round Table Discussion) တွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့က ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

■ ဆွေးနွေးပွဲတွင် စွမ်းအင်မှီခိုမှုကင်းရှင်းရေးနှင့် စီးပွားရေး၊ ပေါင်းစည်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အခြေခံသည့် “Formula of Energy Independence: Economy, Integration, Development” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဆိုင်ရာ ရှုမြင်ချက်များကို တင်ပြခဲ့သည်။

■ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစွမ်းအင်အရင်းအမြစ်များကို တတ်နိုင်သမျှ အသုံးချထုတ်လုပ်ခြင်း၊ မိတ်ဆွေနိုင်ငံများနှင့် ယုံကြည်စိတ်ချရသော စွမ်းအင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းနှင့် ပြင်ပအနှောင့်အယှက်များကြောင့် စွမ်းအင်လုံခြုံရေး ထိခိုက်နိုင်မှုကို လျှော့ချခြင်းတို့မှတစ်ဆင့် ယုံကြည်စိတ်ချရပြီး သင့်တင့်သောဈေးနှုန်းဖြင့် ရေရှည်တည်တံ့သည့် စွမ်းအင်ထောက်ပံ့မှု ရရှိရေးကို ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

■ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသတွင်းလျှပ်စစ်ဓာတ်အားကွန်ရက် ချိတ်ဆက်မှုတိုးတက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ လုံခြုံစိတ်ချရမှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါကြောင်းလည်း ပြောကြားခဲ့သည်။

■ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်အပါအဝင် စွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာများရှိသော်လည်း ယင်းအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန် ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာကျွမ်းကျင်မှုများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

■ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စက်ပစ္စည်းကိရိယာများနှင့် ပြုပြင်ထိန်းသိမ်းရေး၊ စွမ်းအင်အသုံးပြုမှု ထိရောက်ရေးနှင့် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်းလည်း ဆွေးနွေးခဲ့သည်။

■ အဆိုပါဖိုရမ်သို့ အရှေ့ဥရောပ၊ ဥရောပအာရှနှင့် အရှေ့အလယ်ပိုင်းဒေသများမှ စွမ်းအင်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်လျက်ရှိပြီး ဖိုရမ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အီရန်နိုင်ငံစွမ်းအင်ဝန်ကြီး၊ အီရတ်နိုင်ငံ စွမ်းအင်ဒုတိယဝန်ကြီးနှင့် တာတာစတန်ပြည်နယ် ဒုတိယဝန်ကြီးချုပ်၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးတို့ကိုလည်း သီးခြားစီတွေ့ဆုံကာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times