#Local_News
Published 07 September 2026
■ ငမိုးရိပ်ဆည် ရေပိုလွှဲမှရေကျော်နေသော်လည်း ၎င်းရေကျော်ကျသည့် ပမာဏမှာတဖြည်းဖြည်း နည်းပါးကျဆင်းလာမည် ဖြစ်ကြောင်းသိရသည်။
■ ယနေ့ မနက်(၆)နာရီအချိန်တိုင်းထွာချက်များအရ ငမိုးရိပ်တမံရေပိုလွှဲမှ ရေ ၂ ဒဿမ ၂၅ ပေ ကျော်နေသော်လည်း ယမန်နေ့ကတာတမံများတွင် မိုးရွာသွန်းမှု နည်းခဲ့ရာတမံအောက်ဖက်ချောင်းရေများလည်း လျော့လာကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ
သိရသည်။
■ ထို့အပြင် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ဆည်ရေဝေဒေသများဖြစ်သည့် လှည်းကူး၊ တိုက်ကြီးတို့တွင် ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် 33mm မှ 66mm (၁.၃ လက်မ မှ ၂.၆ လက်မခန့်)သာ ရရှိတော့မည်ဖြစ်ကြောင်း ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားသည်။
■ ဒေသတွင်း မိုးရွာသွန်းမှုလျော့နည်းသွားမည်ဖြစ်ရာ ငမိုးရိပ်ဆည်အတွင်းသို့ ရေအသစ်စီးဝင်မှု လျော့ကျသွားမည်ဖြစ်ပြီး ရေပိုလွှဲမှရေကျော်ကျသည့် ပမာဏမှာတဖြည်းဖြည်းနည်းပါးကျဆင်းလာမည်ဖြစ်ကြောင်း သိရသည်။
■ ထို့အပြင် မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့/မြောက်) နှင့် ငမိုးရိပ်ချောင်းရိုးတစ်လျှောက်ရှိ မြေနိမ့်ပိုင်းများတွင် ဒီရေတက်ချိန်နှင့် ဆည်ရေကျော်ကျမှု ပေါင်းစပ်ပါက စိုးရိမ်ရသည့်ရေအမြင့်တွင် ခေတ္တ တည်ရှိနေနိုင်သေးသဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း ၎င်းကဆိုထားသည်။
■ ရန်ကုန်တိုင်း တောင်ပိုင်း/ကမ်းရိုးတန်း ခရိုင်များ (ကျောက်တန်း၊ သံလျင်၊ ကွမ်းခြံကုန်း) - ကမ်းရိုးတန်းအနီး တည်ရှိမှုကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 42mm မှ 82mm ခန့် (၁.၆၅ လက်မ မှ ၃.၂၃ လက်မ ခန့်) ရရှိနိုင်ပြီး ပင်လယ်ဒီရေမြင့်တက်ချိန်များတွင် ရေချို/ရေငန် ရောနှော၍ ကမ်းစပ်မြေနိမ့်ပိုင်းများ၌ ရေခေတ္တဝင်နိုင်သော်လည်း ဒေသအလိုက် မိုးရွာသွန်းမှု ပါးသွားမည်ဖြစ်၍ ကြီးမားသော ရေကြီးရေလွှမ်းမိုးမှု အန္တရာယ် ဖြစ်ပေါ်နိုင်ခြေ မရှိနိုင်ကြောင်း ၊မြို့ပြဗဟို မြို့နယ်များဖြစ်သည့်အနောက်ပိုင်းခရိုင်တွင် နေ့စဉ်မိုးရွာသွန်းမှု ပမာဏ 2mm မှ 10mm ခန့် (၀.၀၈ လက်မ မှ ၀.၃၉ လက်မခန့်)သာ ရှိမည်ဖြစ်ရာ မိုးခတ္တခဏမျှသာ ရွာသွန်းနိုင်မည် ဖြစ်ပြီး လျှပ်တပြက်မြို့ပြရေလျှံမှု အခြေအနေများ မရှိတော့ဘဲ မြို့ပြရေစီးရေလာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ သက်သာလာမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times