#Local_News
Published 07 September 2026
■ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစိတ်ချစွာ သွားလာနိုင်ရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ DEMU အမြန်ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့သူတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
■ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိခဲ့ပြီး ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းသိမ်းယူရန် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ ထွက်ခွာခဲ့သည်။
■ ထိုသို့ ထွက်ခွာလာစဉ် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ကြည့်မြင်တိုင်ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် ၃/၁၁ အကြား ဘုန်းကြီးကျောင်းလမ်းကူးအနီး ရထားဖြတ်သန်းချိန်၌ အမည်မသိအမျိုးသားတစ်ဦးက ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် အထက်တန်းတွဲ DEMU (U) 5020 ရှိ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေး လေကာမှန်မှာ နှစ်လက်မခန့် ပေါက်ထွက်ကြေမွကွဲအက်ခဲ့ကြောင်း သိရသည်။
■ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများအရ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ရထားသံလမ်းတစ်လျှောက် ဝိုင်းပတ်ပိတ်ဆို့ရှာဖွေခဲ့ရာ ယနေ့နံနက် ၃ နာရီတွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ ရထားလမ်းဘေးတွင် အိပ်နေသူ အသက် ၄၁ နှစ်အရွယ် တင်ထွန်း (ခ) ဂနေးစားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ CCTV မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်၍ စမ်းချောင်းမြို့မရဲစခန်းတွင် (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
■ ထပ်မံစစ်ဆေးရာ စက်တင်ဘာ ၄ ရက်ကလည်း အမှတ် (၈) အစုန် DEMU ရထား၏ ပထမတန်းတွဲအား ခဲဖြင့်ပစ်ပေါက်ခဲ့သည့် အလားတူဖြစ်စဉ်တွင်ပါဝင်ခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။
■ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် ရထား၏ လုံခြုံမှုကို ထိခိုက်စေသည့် ပြုလုပ်မှုများအတွက် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ထောင်ဒဏ် ၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။
■ မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များ ပိုမိုလုံခြုံကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် ရထားများအား ပစ်ပေါက်ခြင်းကဲ့သို့ အများပြည်သူ၏ အသက်အန္တရာယ်နှင့် ရထားပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးစေနိုင်သည့် လုပ်ရပ်များ မဖြစ်ပွားစေရေး ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းပေးရန် လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times