#Local_News
PuPublished 09 October 2026
■ စားသောက်ဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်လစဉ်ပေးသွင်းရန် လိုအပ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အချို့ရှိ လုပ်ငန်းရှင်အချို့ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် ပြဋ္ဌာန်းချက်အပေါ် လိုက်နာဆောင်ရွက်မှု အားနည်းနေကြောင်းပြည်တွင်းအခွန်များ ဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရသိရသည်။
■ ထို့အပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များ အနေဖြင့် ဒဏ်ငွေတပ်ရိုက်ခံရမှုမှ ကာကွယ်နိုင်ရန် စားသုံးသူ ဆီမှ ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန်နှင့်ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးသို့ လစဉ်ပေးသွင်းရန်အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
■ ၎င်းအပြင် ဥပဒေနှင့်အညီ အခွန်တာဝန်ကျေပွန်ပြီး နိုင်ငံကြီးသားပီသသည့် စားသုံးသူများနှင့် စားသောက်ဆိုင်များမှ လိုက်နာဆောင်ရွက်မှုများတိုးတက်လာသော်လည်း တိုင်းဒေသကြီး/ပြည်နယ် အချို့ရှိ လုပ်ငန်းရှင်အချို့သည် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် ပြဋ္ဌာန်းချက်အပေါ် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ကိုစိစစ်တွေ့ရှိရကြောင်း ဆိုထားသည်။
■ စားသုံးသူများအနေဖြင့် စားသောက်ဆိုင်ကို ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့် ပြေစာကိုတောင်းယူရန် ၊ စားသောက်ဆိုင်များအနေဖြင့်လည်း စားသုံးသူများက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည် ဖြစ်စေ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာများကို မဖြစ်မနေထုတ်ပေးရန်တာဝန်ရှိကြောင်းဖော်ပြထားသည်။
■ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် တာဝန်ပျက်ကွက်သည့် စားသောက်ဆိုင်လုပ်ငန်းရှင်များကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၄၀ (က) အရ ပျက်ကွက်မှုများအလိုက် ဒဏ်ကြေးငွေများတပ်ရိုက်နေကြောင်းထုတ်ပြန်ချက်အရ သိရသည်။
■ ထို့အပြင် ကောက်ခံရရှိသည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူများကို ဆုကြေးငွေအဖြစ် ချီးမြှင့်နေသကဲ့သို့ သတင်းပေးတင်ပြသူဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း ထုတ်ဖော်မည်မဟုတ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times