#Local_News
Published 20 August 2026
■ ၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကို ဩဂုတ် ၁၉ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်ရန်နှင့် ရုရှားလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ စက်မှု၊ နည်းပညာနှင့် ခရီးသွားကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။
■ ဖိုရမ်တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Gennadyevich Reshetnikov၊ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် Ivan Vasilyevich Lobanov၊ မြန်မာနှင့် ရုရှားနိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများ၊ သံအမတ်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတက က နှစ်နိုင်ငံသည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။
■ နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံက သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ရုရှားထံမှ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများ အဓိကတင်သွင်းနေကြောင်း၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုလည်း ရုရှားဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးနေကြောင်း ဆိုသည်။
■ ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟုလည်း ဖော်ပြခဲ့သည်။
■ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေက စုစုပေါင်းလူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး စိုက်ပျိုးမြေ ဧက ၃၃ သန်းကျော်နှင့် စိုက်ပျိုးမွေးမြူရေး၊ ရေထွက်ပစ္စည်းနှင့် သတ္တုသယံဇာတ အရင်းအမြစ်များရှိကြောင်း ဖိုရမ်တွင် ရှင်းလင်းခဲ့သည်။
■ ထို့ကြောင့် ရုရှားလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေး၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေး၊ အအေးခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။
■ စွမ်းအင်ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး၊ ရေနံချက်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေးတို့အပြင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများ၌လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။
■ ဖိုရမ်တွင် တင်ပြချက်အရ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု အလားအလာ ၁၀၀ ဂစ်ဂါဝပ်ရှိပြီး စီးပွားဖြစ်ထုတ်ယူနိုင်မှုမှာ ၄၀ မှ ၅၀ ဂစ်ဂါဝပ်ခန့်ရှိသည်ဟု ဆိုသည်။
■ အခြေခံအဆောက်အအုံနှင့် စက်မှုကဏ္ဍတွင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များကို ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအဖြစ် ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာ-ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ LNG Terminal၊ ရေနံချက်စက်ရုံနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများအဖြစ် ဖော်ပြခဲ့သည်။
■ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ၌လည်း အစိုးရဝန်ဆောင်မှုများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ ဒီဂျစ်တယ်ငွေပေးချေမှုနှင့် နည်းပညာအခြေပြုလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး ပြင်ဦးလွင်အနီးရှိ ရတနာပုံဆိုက်ဘာစီးတီးကို အိုင်စီတီနှင့် နည်းပညာလုပ်ငန်းများအတွက် အချက်အချာဒေသတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
■ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် ကုန်သွယ်ရေးလွယ်ကူစေရေးအတွက် ရုရှား၏ Mir Card စနစ်ကို Myanmar Payment Union (MPU) ကွန်ရက်နှင့် ချိတ်ဆက်ထားပြီး ကျပ်-ရူဘယ် တိုက်ရိုက်ငွေပေးချေမှုများ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းလည်း ဖိုရမ်တွင် ပြောကြားခဲ့သည်။
■ ထို့ပြင် မြန်မာ-ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြသည်။
■ ခရီးသွားကဏ္ဍတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် အလားအလာရှိကြောင်း ဖော်ပြခဲ့ပြီး ရုရှား-မြန်မာ သံတမန်၊ အထူးနှင့် ဝန်ထမ်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ရက် ၉၀ ဗီဇာကင်းလွတ်ခွင့်နှင့် သတ်မှတ်ရည်ရွယ်ချက်များမှအပ ခရီးသွားများအတွက် ရက် ၃၀ ဗီဇာကင်းလွတ်နေထိုင်ခွင့်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။
■ ဖိုရမ်အပြီးတွင် G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတအား တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဆုတံဆိပ် (Medal of Merit) ပေးအပ်ခဲ့သည်။
■ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက္ကသိုလ်၏ Situation Center တွင် စီးပွားရေးအချက်အလက် လေ့လာဆန်းစစ်မှု၊ ဂြိုဟ်တုနည်းပညာ၊ ပင်လယ်ရေကြောင်းစောင့်ကြည့်မှုနှင့် IT နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို လေ့လာခဲ့ကြောင်း သိရသည်