#Local_News
Published 28 March 2026
■ ယခင်အစိုးရများလက် ထက် ငြိမ်းချမ်းရေး ညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘော တူညီချက်များကို ပြည်ထောင်စုလွှတ်တော်၌စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြောသည်။
■ (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက် ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်စဉ်တက်ရောက်ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
■ “တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုတွေကို လိုက်လျောဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ“ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမယ်”ဆိုတဲ့ ငြိမ်းချမ်းရေးမိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။
■ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက် ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများလက်ထက်ငြိမ်းချမ်းရေး ညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ်”ဟု ယင်းက ပြောသည်။
■ ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာတွင် ဖြတ်သန်းခဲ့ရသော သမိုင်းအဆက်ဆက်၏ အတွေ့အကြုံများအရ နိုင်ငံနှင့်ကိုက်ညီ၍ ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကိုကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
■ ထို့အပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့် အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းတွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ အဆိုပါအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားကြရန်ပြောကြားခဲ့ပြီး ပြည်သူ့လုံခြုံရေးစနစ်ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ပြည်သူတစ်ဦးချင်းစီ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိနေရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ အလားတူ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
#YMG/PP #Yangon_Times