#Local_News
Published_28 March 2026

■ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က မတ်လ ၂၇ ရက်တွင် သူရဲကောင်းဗိမာန်၌ ဂုဏ်ပြုပန်းခြင်းချ၍ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

■ သူရဲကောင်းဗိမာန်အတွင်းနှင့် ရင်ပြင်တွင် နေရာယူကြကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပန်းခြင်းချပြီး တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် သူရဲကောင်းစစ်သည်များအား အလေးပြုကြပြီးသူရဲကောင်းဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကြပြီး သူရဲကောင်းဗိမာန်အတွင်း လှည့်လည်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။

■ အဆိုပါသူရဲကောင်းစစ်သည်ဗိမာန် (နေပြည်တော်) ကို နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည့် မြန်မာသူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိမာန်အတွင်းနံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ သူရဘွဲ့ရရှိခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူများ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌ ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားရှိကြောင်းနှင့် ဗိမာန်၏အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည် ၅ ဦးနှင့် အရပ်သားတစ်ဦးတို့၏ ပုံတူများကို ဂုဏ်ပြုစိုက်ထူထားရှိကြောင်း သိရသည်။

■ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော် နေ့အခမ်း အနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ၃ ဦးအား လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံကာ ဂါရဝပြုတွေ့ဆုံခဲ့ကာကျန်းမာရေးအခြေအနေ များကိုတစ်ဦးချင်း မေးမြန်းအားပေးခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပေးအပ်သည့် ဂါရဝပြုချီးမြှင့်ငွေတစ်ဦးလျှင် ကျပ်သိန်း ၅၀ စီနှင့် အားဖြည့်ငှက်သိုက်များကို လက်ရောက်ဂါရဝပြုပေးအပ်ခဲ့ကြောင်းသိရသည်။

■ ဂါရဝပြုခြင်းခံရသည့် ပုဂ္ဂိုလ်ကြီးများမှာ အသက် ၁၀၁ နှစ်အရွယ်ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်ရ ဦးကျော်စိန်၊ အသက်၁၀၂နှစ်အရွယ် လွတ်လပ်ရေးမော်ကွန်းဝင် တတိယ အဆင့် ဦးဉာဏ်အေးနှင့် အသက် ၉၈ နှစ်အရွယ် လွတ်လပ်ရေး မော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်း တို့ဖြစ်ကြောင်းသိရသည်။

■ ယင်း ဂါရဝပြုခြင်းခံရသည့် ပုဂ္ဂိုလ်ကြီးများသည် ဂျပန်ခေတ်တော်လှန်ရေးကာလများတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့ကြသူများဖြစ်ပြီး ယခုတိုင် ကျန်းမာသန်စွမ်းလျက် မျိုးချစ်စိတ်ဓာတ်ထက်သန်နေကြသူများဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#YMG/PP #Yangon_Times