နေပြည်တော်-မတ် ၂၈၊၂၀၂၆
အနာဂတ်ကာလတွင် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အတွက် အဆောက်အအုံနှင့် လမ်းတံတားများ တည်ဆောက်ရာတွင် Building Codes အပါအဝင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကြံ့ကြံ့ခံနိုင်သော အနာဂတ်တည်ဆောက်ရေးကို မဖြစ်မနေ ထည့် သွင်းစဉ်းစား အကောင်အထည်ဖော်ကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ တိုက် တွန်းပြောကြားလိုက်သည်။
ယနေ့ မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) ၌ ကျင်းပပြုလုပ်သော ပမာဏ ၇ ဒသမ ၇ မဂ္ဂနီကျူရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် အောက် မေ့ဖွယ်နှင့် ပြန်လည်ထူထောင်ရေး အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းတွင် နိုင်ငံတော်အကြီးအကဲက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင် လူပေါင်း ၃,၈၁၈ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး၊ ထိုသို့ သေဆုံးရမှုအများစုမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက် များ၊ ဆောက်လုပ်ရေး စည်း မျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ ဆောက်လုပ်ထားသော အဆောက်အအုံ များ ပြိုကျပျက်စီးမှုကြောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ယာယီသမ္မတက ထောက်ပြခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍများတွင် ဦးဆောင်နေကြသော ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူ Developer များအနေဖြင့် မိမိတို့ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ ကို စနစ်တကျ ဖန်တီးတည်ဆောက်ပေးကြရန် ဗိုလ်ချုပ်မှူးကြီးက အလေးအနက် မှာကြားခဲ့သည်။
နိုင်ငံတော်အတွက် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၇,၉၇၉ ဘီလီယံကျော်ရှိခဲ့ပြီး ဘေးသင့်လူဦးရေ ၄ သိန်း ၂ သောင်းကျော် (၄၂၄,၀၆၃ ဦး) ရှိခဲ့သည့် အဆိုပါ ငလျင်ဘေးအရေးပေါ်အခြေအနေတွင် နိုင်ငံ တကာမှအကူအညီများစွာရရှိခဲ့ကြောင်းလည်း သိရသည်။ တရုတ်၊ ရုရှား၊ အိန္ဒိယ အစရှိသော နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၁,၉၃၅ ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင် ၈၄၅ ဦးတို့ လာရောက်ကူညီခဲ့ကြပြီး ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ သက်စွန့်စံဖျား ပူးပေါင်း ဆောင်ရွက်မှုကြောင့် လူပေါင်း ၆၅၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးက က အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ငလျင်ကြောင့် သေဆုံးသူ တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုများကို ထောက်ပံ့ပေးခဲ့သည့်အပြင်၊ ထိခိုက်ဒဏ်ရာ ရသူများနှင့် အိမ်ရာပျက်စီးမှုများအတွက် ငွေကျပ် ဘီလီယံ ၁,၆၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ၊ ဘာသာရေးကျောင်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်တည်ဆောက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၃,၄၂၁ ဒသမ ၉၇၅ ဘီလီယံကျော်ကို ထုတ်ပေးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ လက်ရှိတွင် ၈၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ရှင်းလင်းပြောကြား သည်။
မကြာမီ နိုင်ငံ့တာဝန်လွှဲပြောင်းရယူမည့် အစိုးရအသစ်အနေဖြင့် လက်ရှိ ဆောင်ရွက်လျက် ရှိသည့် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်း ၂၀၂၅ (World Risk Index) အရ အဆင့် (၆) နေရာတွင် ရှိနေသဖြင့် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများကို ကဏ္ဍတိုင်းတွင် မဖြစ်မနေ ထည့်သွင်းရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း သူက သတိပေးခဲ့သည်။
"We are stronger, We are together" ဟူသော စိတ်ဓာတ်ခွန်အားဖြင့် ကိုဗစ်-၁၉၊ မိုခါနှင့် ရာဂီမုန်တိုင်း ဘေးများကို စည်းလုံးညီညွတ်စွာ ကျော်ဖြတ်နိုင်ခဲ့သကဲ့သို့ အနာဂတ်ကာလ နိုင်ငံ၏ မျက်နှာစာသစ် ဖွင့်လှစ်မှုခရီးတွင်လည်း နိုင်ငံတော်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲ၍ ကြံ့ကြံ့ခံနိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မည့် နိုင်ငံတော်ကြီးကို ပူးပေါင်းတည်ဆောက်သွားကြရန် ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ပြီး ငလျင်ဘေးကြောင့် ကွယ်လွန်ဆုံးပါးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ငလျင်ဘေးကူညီခဲ့ကြသည့် ပြည်ပနိုင်ငံများမှ သံအမတ် ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အလှူရှင်များနှင့်ကူညီခဲ့ကြသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
#ymg/knl