၁၀ အောက်တိုဘာ ၂၀၂၄

မြန်မာနိုင်ငံတွင် အချို့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံခွင့်ရရှိသူအချို့သည် ကုန်ထုတ်လုပ်မှုကို ဟန်ပြသာ ဆောင်ရွက်ပြီး ပြည်ပမှ ကုန်ချောပစ္စည်းများကို ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်နေကြကြောင်း  နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းက သတိပေးပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၉ရက်က နေပြည်တော်တွင်ကျင်းပတဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဆိုပါကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း တရားဝင်ကုန်ပစ္စည်း တင်သွင်းခွင့်ရရှိမှုအပေါ် ကျော်လွန်ပြီး တရားမဝင် ကုန်သွယ်မှုတွေပြုလုပ်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေဖြစ်ပေါ်နေရခြင်းအကြောင်းရင်းများထဲတွင် အဓိက စိန်ခေါ်မှုတွေက နယ်စပ်ဒေသ အချို့တွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်တွေရှိနေခြင်း၊ အချို့ဥပဒေများ အားနည်းချက်ရှိ ခြင်း၊အဲဒီလုပ်ငန်းတွေဆောင်ရွက်ရတဲ့ ဝန်ထမ်းအင်အားမလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုတွေရှိနေခြင်းတို့ ဖြစ်ကြတယ်လို့လည်း နစက ဒုတိယဥက္ကဋ္ဌကဆက်လက်ပြောကြားပါတယ်။

 တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနှင့်ကုန်သွယ်မှုလမ်းကြောင်းများပေါ်တွင်သာမက ပြည်တွင်း    သိုလှောင်ရုံများနှင့် ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူရမယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပါတယ်။

တရားမဝင်ကုန်သွယ်မှုများကို အရေးယူခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂) နှစ်နှင့် (၈)လ ကာလအတွင်း အမှုတွဲ (၁၄၆၅၉) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၀၀ ဒသမ ၀၂၈) ဘီလီယံဖမ်းဆီးရမိခဲ့တယ်လို့ လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံး   ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ ဖမ်းဆီးရရှိရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်များက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ   ဖြစ်ကြပါတယ်။

#ymg/knl