၈ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရဲ့ ၄၇ဦးမြောက်သမ္မတအဖြစ်ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး အစီအစဉ် ဖျက်သိမ်းပစ်လိုက်ဖွယ် ရှိနေတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးကပြောတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် သည်နေရှင်း သတင်း စာက ရေးသားလိုက်ပါတယ်။
အဆိုပါအစီအစဉ်ကတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ လူဦးရေ ခြောက်သောင်းခန့်ရှိတဲ့ လူနည်းစု ဒုက္ခသည်အုပ်စုကို အမြဲတမ်းနေထိုင်ခွင့်ပေးမယ်လို့ကမ်းလှမ်းတဲ့ နိုင်ငံတွေဆီ ပြန်လည်နေရာချထားပေးပြီးနောက် အဲဒီစခန်းတွေကို ပိတ်သိမ်းမယ့်အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို အမေရိကန်ရဲ့ ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့အစိုးရနှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေးထားခဲ့ကြတာလို့လည်း သတင်းမှာဖော်ပြထားပါတယ်။
အင်္ဂါနေ့ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေရှုံးနိမ့်သွားတာရယ်၊ ပြီးတော့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ လူ့ အခွင့်အရေး ကိစ္စတွေကို ဦးစားမပေးတဲ့သူဖြစ်တာတွေရယ်ကြောင့် အဆိုပါအစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့ လူ့အခွင့်အရေးနှင့် အလုပ်သမားအရေးအဖွဲ့ Human Rights & Labour Advocates (AHRLA) မှ အာရှညွှန်ကြား ရေးမှူး ဖိလစ် ရောဘတ်ဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ခရွန်သက်တာရာကစ် သတင်းစာနှင့်မေးမြန်းခန်းမှာ ရောဘတ်ဆန်က ထရမ့်ရဲ့ဦးဆောင်မှုအောက်မှာ အမေရိကန်အနေနှင့် ကုန်သွယ်ရေးကာကွယ်ရေးမူဝါဒကို အကောင်အထည်ဖော်မှာဖြစ်ပြီး နိုင်ငံခြားက တင်သွင်း တာတွေကို အခွန် အနည်းဆုံး ၁၀ ရာခိုင်နှုန်းကောက်လိမ့်မယ်လို့ ဖြည့်စွက်ပြောပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်တဲ့ထိုင်းနိုင်ငံအပေါ်ထိခိုက်မှုရှိလိမ့်မယ်လို့ဆိုပါတယ်။
အဲဒီအပြင် ထရမ့်ဟာ သူမဲဆွယ်ပွဲတုန်းကပြောခဲ့တဲ့ အမေရိကန်မှာ အကြာကြီးနေခဲ့ပြီး နိုင်ငံသားမဖြစ်တဲ့သူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်ကိုသာ အကောင်အထည်ဖော်ခဲ့ရင်း အမေရိကန်မှာ အကျပ်အတည်း တွေနှင့်ဖရိုဖရဲဖြစ်ကုန်မယ်လို့လည်း ရောဘတ်ဆန်က ခန့်မှန်းပါတယ်။
“ ဖြစ်နိုင်ချေရှိနေတာက နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိကားက သူတွေဟာ အိမ်ပြန်ပို့ခံရ နိုင်တယ်။ အထူးသဖြင့် မျိုးဆက်ဟောင်းတွေ။သူတို့ရဲ့ ကလေးတွေက အမေရိကန်မှာမွေးပြီး အလိုအလျောက် နိုင်ငံသားဖြစ်လာလို့သူတို့ကတော့ ဆက်နေလို့ရလိမ့်မယ်” လို့ သူကပြောပါတယ်။
Source : The Nation