ကောင်းမြတ်ကျော်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့သည် နိုင်ငံတကာ တရားစီရင်ရေး သမိုင်းတွင် သိသာစွာ အငြင်း ပွားဖွယ်ကောင်းလှသည့် နေ့ရက်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ဂျပန်နိုင်ငံသား တရား  သူကြီး Yuji Iwasawa ဦးဆောင်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသည့် အမှုတွင် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် (Genocide Convention) ကို ချိုးဖောက်ကြောင်း အပြီးသတ် စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာ တရားစီရင်ရေး သမိုင်းတစ်လျှောက် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ကြောင်း တရားဝင် ဆုံးဖြတ်သည့် ပထမဆုံး စီရင်ချက် ဖြစ်သော်ငြား၊ တရားသူကြီး ၁၅ ဦးအနက် ၉ မဲ - ၆ မဲ ဟူသော အလွန်ကျဉ်းမြောင်းသည့် မဲကွာဟ  ချက်ဖြင့်သာ ချမှတ်နိုင်ခဲ့ခြင်းက ဤစီရင်ချက်၏ ဥပဒေရေးရာ ခိုင်မာမှုနှင့် ဘက်မလိုက်မှုအပေါ်  ကြီးမားစွာ မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့သည်။ မြန်မာနိုင်ငံသားများအတွက်မူ ဤဆုံးဖြတ်ချက်  သည် တရားမျှတမှုကို ဖော်ဆောင်ခြင်းထက် နိုင်ငံတကာ ဥပဒေစံနှုန်းများကို လိုသလို ဆွဲဆန့်  အသုံးချခံလိုက်ရသည့် မတရားမှုတစ်ခုအဖြစ်သာ ရှုမြင်စရာ ဖြစ်နေသည်။

တရားသူကြီး ၆ ဦး၏ ပြတ်သားသော ဥပဒေရေးရာ ကန့်ကွက်ချက်

အများစုတရားသူကြီး ၉ ဦး၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ ကန့်ကွက်မဲပေးခဲ့ကြသည့် တရားသူကြီး ၆ ဦးဖြစ်သည့် ICJ ဒုတိယဥက္ကဋ္ဌ Julia Sebutinde အပါအဝင် ဆလိုဗက်ကီးယား (Peter Tomka)၊ ပြင်သစ် (Ronny Abraham)၊ တရုတ် (Xue Hanqin)၊ ဂျာမနီ (Georg Nolte) နှင့် အထူးခန့်အပ်ခံ တရားသူကြီး Claus Kress တို့က စာမျက်နှာ(၂၆)မျက်နှာပါ ပူးတွဲသဘောထားကွဲလွဲချက် (Joint Dissenting Opinion) ကို ထုတ်ပြန်ကာ အများစု၏ စီရင်ချက်သည် ဥပဒေဘောင်မှ သွေဖည်  နေကြောင်း အတိအလင်း ထောက်ပြခဲ့ကြသည်။

၎င်းတို့၏ ကန့်ကွက်ချက်တွင် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ရပ်များကို အပြစ်ကင်းစင်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ "Genocide" ဟူသော အမြင့်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုစံနှုန်းနှင့် လုံးဝ မကိုက်ညီကြောင်း ဥပဒေအချက်အလက် ၄ ရပ်ဖြင့် ခိုင်မာစွာ ချေပထားခြင်းဖြစ်သည်။

၁။ “တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်" စံနှုန်းကို လိုက်နာရန် ပျက်ကွက် ခြင်း — ၂၀၀၇ ခုနှစ် ဘော့စနီးယားအမှု (Bosnia v. Serbia) နှင့် ၂၀၁၅ ခုနှစ် ခရိုအေးရှားအမှု (Croatia v. Serbia) တို့တွင် ICJ ကိုယ်တိုင် ချမှတ်ကျင့်သုံးခဲ့သည့် စံနှုန်းအရ လူမျိုးတုံးသတ်ဖြတ်ရန် အထူးရည်ရွယ်ချက် (dolus specialis) ရှိကြောင်း သွယ်ဝိုက်သက်သေများမှ ကောက်ချက်ချနိုင်ရန်မှာ ယင်းကောက်ချက်မှအပ အခြားကျိုးကြောင်းဆီလျော်သော ကောက်ချက်  တစ်ခုမျှ မရှိရပေ။ သို့သော် မြန်မာနိုင်ငံ၏ စစ်ဆင်ရေးများသည် ARSA ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အခြေအနေတွင် ဘင်္ဂလီ(တရားရုံးအသုံးရိုဟင်ဂျာ)များအား အတင်းအကျပ် နေရပ်  စွန့်ခွာစေရန် ရည်ရွယ်ခြင်း (Forced Displacement) သို့မဟုတ် ARSA ကို နောင်တွင် မထောက်  ခံစေရန် စုပေါင်းအပြစ်ပေးခြင်းဖြင့် ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်ခြင်း (Collective Punishment, Intimidation and Deterrence) အဖြစ်လည်း ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သည့်အတွက် လူမျိုးတုံးသတ်ဖြတ်ရန် အထူးရည်ရွယ်ချက်ရှိကြောင်း သက်သေ  ပြနိုင်ခြင်းမရှိဟု တရားသူကြီးခြောက်ဦးက ထောက်ပြထားသည်။

၂။ Genocide နှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့၏ ဥပဒေရေးရာကွဲပြားမှုကို ဝေဝါးစေခြင်း — နိုင်ငံတကာဥပဒေအရ လူမျိုးစုတစ်ခုကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝဗေဒဆိုင်ရာအရ ဖျက်ဆီးရန် ရည်ရွယ်ခြင်း (Genocide) နှင့် နယ်မြေတစ်ခုအတွင်းမှ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း (Forcible Displacement) တို့အကြား ဥပဒေရေးရာ ကွဲပြားမှုရှိသည်။ သို့သော် အများစုတရားသူကြီး ၉ ဦး၏ ဆုံးဖြတ်ချက်သည် ယင်းကွဲပြားမှုကို ဝေဝါးစေပြီး ယခင် ICJ စီရင်ထုံးများတွင် ချမှတ်ထားသည့် လူမျိုးတုံးသတ်ဖြတ်ခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို လက်တွေ့တွင် ပိုမိုကျယ်ပြန့်စေခဲ့ကြောင်း ကန့်ကွက်ထားသည်။

၃။ သက်သေပြမှုစံနှုန်းကို လျှော့ချခြင်း — လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း သက်သေပြရာတွင် လိုအပ်သည့် တင်းကျပ်သော သက်သေခံစံနှုန်းကို အများစုဆုံးဖြတ်ချက်က လျှော့ချခဲ့ကြောင်း တရားသူကြီးခြောက်ဦးက ကန့်ကွက်ထားသည်။ အထူးသဖြင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN Fact-Finding Mission) ၏ အစီရင်ခံစာများကို သက်သေခံ  အဖြစ် အလွန်အကျွံ အလေးထားခဲ့ပြီး ကျေးရွာ ၅၄ ရွာတွင် တူညီသောကျူးလွန်မှု  ပုံစံရှိကြောင်း ဖော်ပြချက်အတွက် လုံလောက်သော အသေးစိတ်အထောက်အထားများ မပါဝင်  ကြောင်း ထောက်ပြထားသည်။ ထို့အပြင် အများစုဆုံးဖြတ်ချက်၏ သက်သေများအပေါ် အဓိပ္ပာယ်ကောက်ယူ  သည့် နည်းလမ်းသည် ICJ ၏ ယခင်စီရင်ထုံးများတွင် သတ်မှတ်ထားသည့် သက်သေပြမှုစံနှုန်းကို သိသိသာသာ အားနည်းစေခဲ့ကြောင်း ဝေဖန်ထားသည်။

၄။ Genocide စာချုပ်အရ စီရင်ဆုံးဖြတ်ရမည့် ဥပဒေဘောင်ကို တိကျစွာ လိုက်နာရန်လိုအပ်ခြင်း — ၁၉၄၈ ခုနှစ် Genocide Convention ၏ အပိုဒ် ၉ အရ ယခုအမှုတွင် ICJ ၏ စီရင်ပိုင်ခွင့်သည် အဆိုပါစာချုပ်ဆိုင်ရာ အငြင်းပွားမှုများအပေါ်တွင်သာ အခြေခံထားသည်။ စစ်ရာဇဝတ်မှုများ (War Crimes) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against Humanity) ဖြစ်ပွားခဲ့နိုင်သော်လည်း ယင်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဥပဒေအရ သီးခြားကွဲပြား သည်။ ထို့ကြောင့် လူမျိုးတုံးသတ်ဖြတ်ရန် အထူးရည်ရွယ်ချက်ရှိကြောင်း လိုအပ် သည့် သက်သေစံနှုန်းအတိုင်း မပြနိုင်ပါက မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မဆုံးဖြတ်သင့်ဟု တရားသူကြီးခြောက်ဦးက ကန့်ကွက်ထားသည်။

ပြောင်ပြောင်တင်းတင်း စံနှုန်းနှစ်မျိုး (Double Standard) နှင့် နိုင်ငံရေးဖိအား

ဤစီရင်ချက်တွင် အထင်ရှားဆုံးနှင့် လက်ခံနိုင်ဖွယ်အနည်းဆုံး အချက်မှာ နိုင်ငံတကာ တရားစီရင် ရေး၏ စံနှုန်းနှစ်မျိုး (Double Standard) ပင် ဖြစ်သည်။ ယခင်က လူပေါင်းသိန်းနှင့်ချီ အသက် ဆုံးရှုံးခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ကြီးမားခဲ့သည့် ဘော့စနီးယားနှင့် ခရိုအေးရှား အမှုများတွင်ပင် ICJ သည် တင်းကျပ်သော ဥပဒေစံနှုန်းကို ကိုင်စွဲကာ ဆားဘီးယားနိုင်ငံကို Genocide ကျူးလွန် ကြောင်း မဆုံးဖြတ်ခဲ့ပေ။ သို့သော် မြန်မာနိုင်ငံအလှည့်သို့ ရောက်ရှိချိန်တွင်မှ ထိုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သည့် စံနှုန်းကို လျှော့ချကာ ပထမဆုံးသော Genocide စီရင်ချက်ကို ချမှတ် လိုက်ခြင်းက ဥပဒေအပေါ် အခြေခံခြင်းထက် နိုင်ငံရေးအရ ပစ်မှတ်ထားမှု ပါဝင်နေကြောင်း ထင်ရှားစေသည်။

OIC အဖွဲ့ဝင် ၅၇ နိုင်ငံ၏ ကျောထောက်နောက်ခံပြု တရားစွဲဆိုမှုနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း များ (George Soros ၏ Open Society Foundations အပါအဝင်) ၏ နှစ်ပေါင်းများစွာ စနစ်တကျ လှုံ့ဆော်ဖိအားပေးမှုများအောက်တွင် အများစုတရားသူကြီး ၉ ဦးသည် ဥပဒေစည်းမျဉ်း တင်းကျပ်မှု ထက် လူသားချင်းစာနာမှု စိတ်ခံစားချက်နှင့် နိုင်ငံတကာ ပုံရိပ်ကို ဦးစားပေးဆုံးဖြတ်သွားခဲ့သည်ဟု ဥပဒေလေ့လာသူများက ဝေဖန်သုံးသပ်ကြသည်။

ထို့ထက်ပို၍ ငြင်းပယ်၍မရသည့် မြေပြင်ပကတိ အမှန်တရားမှာ ယနေ့တိုင် မြန်မာနိုင်ငံအတွင်း၌ ဘင်္ဂလီ (တရားရုံးအခေါ် ရိုဟင်ဂျာ မွတ်ဆလင်) လူဦးရေ သိန်းနှင့်ချီ၍ ဆက်လက်နေထိုင် လုပ်ကိုင် စားသောက်လျက် ရှိနေခြင်းပင် ဖြစ်သည်။ "လူမျိုးစုတစ်ခုလုံးကို အပြီးတိုင် မျိုးဖြုတ်ရန် ရည်ရွယ် ချက်" ရှိခဲ့သည်ဟူသော စွဲချက်နှင့် မြေပြင်ပကတိ အခြေအနေကြားရှိ ဤကြီးမားသော ကွာဟချက် ကို တရားရုံးက မျက်ကွယ်ပြုသွားခဲ့ခြင်းမှာ စီရင်ချက်၏ တရားမျှတမှုအပေါ် သံသယကို ပိုမိုကြီး  ထွားစေသည်။

နောက်ဆက်တွဲ အမိန့်ညွှန်ကြားချက်များနှင့် ရှေ့အလားအလာ

တရားရုံးက မြန်မာနိုင်ငံအပေါ် လိုက်နာဆောင်ရွက်ရန် အမိန့်ချမှတ်ထားသည့် အချက်များမှာ—

  • ပျက်စီးဆုံးရှုံးသွားသော ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရန်နှင့် နစ်နာကြေး (Reparations & Compensation) ပေးဆောင်ရန်။
  • နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံစွာ မူလနေရပ်သို့ ပြန်လည်နေထိုင်ခွင့် ပြုရန်။
  • ကျူးလွန်သူများကို စုံစမ်းစစ်ဆေး အရေးယူရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရန် အာမခံချက် ပေးရန်။
  • အထက်ပါ လျော်ကြေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများ ပါဝင်သည့် အစီရင်ခံစာကို ၂ နှစ်အတွင်း (နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ဖြစ်သည်) ICJ တရား ရုံးသို့ တင်သွင်းရန်။

ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံဘက်က ဤစီရင်ချက်သည် တရားမျှတမှုမရှိကြောင်း ဝေဖန်ကန့်ကွက်ထား သည်။အကယ်၍ သတ်မှတ်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ပါက ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း အပိုဒ် ၉၄(၂) အရ လုံခြုံရေးကောင်စီသို့ တင်ပြတိုင်ကြားခံရနိုင်ခြေ ရှိနေသော်လည်း၊ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ရှိနေခြင်းကြောင့် လက်တွေ့  အရေးယူမှု အပိုင်းတွင် နိုင်ငံ   တကာ နိုင်ငံရေးအရ အဟန့်အတားများ ဆက်လက်ရှိနေဦးမည် ဖြစ် သည်။

ဝင်ရိုးစုံကမ္ဘာ့အစီအစဉ်သစ်၊ ICC ၏ အကျပ်အတည်းနှင့် နိုင်ငံတကာ တရားရေး ပြုပြင် ပြောင်းလဲရေး

မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်သည့် ၉-၆ စီရင်ချက်သည် နိုင်ငံတစ်နိုင်ငံတည်း၏ အရေးကိစ္စထက် ကျော်လွန်၍ ပြောင်းလဲလာနေသော ဝင်ရိုးစုံကမ္ဘာ့အစီအစဉ်သစ် (Multipolar World Order) နှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံတကာ တရားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက် ကို အထင်အရှား မီးမောင်းထိုးပြနေသည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေး အခင်းအကျင်းပေါ်တွင် တည်ဆောက်ခဲ့သည့် ICJ ကဲ့သို့သော အဖွဲ့အစည်းများတွင် ဖွဲ့စည်းပုံ၊ အခြေခံမူများနှင့် တရားလက်လွန်ဆုံးဖြတ်မှု၊ ဘက်လိုက်ဆုံးဖြတ်မှုများကို ပြန်လည်ထိန်းကျောင်း ပေးနိုင်မည့် ယန္တယားများ (Checks and Balances) ထည့်သွင်းပြုပြင်ရန် အချိန်သင့်နေပြီ ဖြစ်သည်။

ဤယုံကြည်ကိုးစားမှု အကျပ်အတည်းသည် ICJ တစ်ခုတည်းတွင်သာ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ၊ သည်ဟိဂ်မြို့ရှိ နောက်ထပ် နိုင်ငံတကာ တရားရုံးတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) သည်လည်း စီရင်ပိုင်ခွင့် ဘောင်ကျော်မှုနှင့် နိုင်ငံရေးအရ အသုံးချခံရမှု စွပ်စွဲချက်များကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုနှင့် တန်ပြန် အရေးယူမှုများကို ရင်ဆိုင်နေရသည်။

  • အမေရိကန်ပြည်ထောင်စု၏ ပြင်းထန်သော ဝေဖန်မှုနှင့် ပိတ်ဆို့အရေးယူမှုများ — ရောမစာချုပ် (Rome Statute) အဖွဲ့ဝင်မဟုတ်သည့် အမေရိကန်ပြည်ထောင်စုသည် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၏ နိုင်ငံသားများနှင့် မဟာမိတ်များအပေါ် ICC က စီရင်ပိုင်ခွင့် ဘောင်ကျော် ချဲ့ထွင် နေသည်ဟု ကာလရှည်ကြာ ပြစ်တင်ဝေဖန်ခဲ့သည်။ ၂၀၂၅ ခုနှစ်မှစတင်၍ ICC တရားသူကြီးနှင့် ရှေ့နေများအပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကို ပိတ်ဆို့အရေးယူခဲ့ပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာလ ၉ ရက်နေ့တွင် အမေရိကန်အစိုးရက ICC အဖွဲ့အစည်းတစ်ခုလုံးအပေါ် သမိုင်းတစ်လျှောက် မကြုံစဖူး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ကာ တရားရုံး၏ လုပ်ငန်းလည်ပတ်မှုကို စနစ်တကျ ရပ်တန့်စေရန်ရည်ရွယ်၍ ဖိအား ပေးခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ICC သည် "ထိန်းချုပ်မရတော့သည့် အခြေအနေ" (out of control) သို့ ရောက်ရှိနေပြီး စီရင်ပိုင်ခွင့်ကို အလွန်အကျွံ ချဲ့ထွင်နေကြောင်း ပြတ်သားစွာ ပြစ်တင်ဝေဖန်ခဲ့သည်။
  • ရုရှားနိုင်ငံ၏ ပယ်ချမှုနှင့် တန်ပြန်အရေးယူမှုများ — ရောမစာချုပ် အဖွဲ့ဝင်မဟုတ်သည့် ရုရှားနိုင်ငံကလည်း သမ္မတ ဗလာဒီမာပူတင်အပေါ် ၂၀၂၃ ခုနှစ်တွင် ICC က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းကို ဥပဒေကြောင်းအရ အကျုံးမဝင်သည့် နိုင်ငံရေးလုပ်ကြံမှုအဖြစ် ပြတ်သားစွာ ပယ်ချခဲ့သည်။ ထို့အပြင် ရုရှားဘက်က ICC ဥက္ကဋ္ဌအဖွဲ့ဝင်များ အပါအဝင် တရားသူကြီးနှင့် ရှေ့နေ ၉ ဦးကို တန်ပြန်ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ်အောက်တိုဘာလတွင်  ၎င်းတို့ကို လွှဲပြောင်း ပေးရန် နယ်သာလန်နှင့် အခြားနိုင်ငံများထံ တရားဝင် တောင်းဆိုမှုများပင် ပြုလုပ်ခဲ့သည်။
  • အင်အားကြီးနိုင်ငံများ၏ ပူးတွဲသတိပေးချက် — ICJ က မြန်မာနိုင်ငံအပေါ် စီရင်ချက် ချမှတ်သည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ တစ်ရက်တည်းမှာပင်၊ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ APEC ထိပ်သီးအစည်းအဝေး ဘေးပန်းတွေ့ဆုံပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က "ငြိမ်းချမ်း ရေးဆီသို့ ကြေညာစာတမ်း" (Declaration Toward Peace) ကို ပူးတွဲထုတ်ပြန်ကာ သည်ဟိဂ်အခြေစိုက် တရားရုံးနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် "၎င်းတို့၏ စီရင်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ရန်" အတိအလင်း သတိပေးခဲ့ကြသည်။

ခြုံငုံသုံးသပ်ချက်

ဤဖြစ်ရပ်များကို ခြုံငုံကြည့်လျှင် နိုင်ငံတကာ တရားစီရင်ရေးဟူသည် အင်အားကြီးသူနှင့် အုပ်စုဖွဲ့  ဖိအားပေးနိုင်သူတို့အတွက် ဥပဒေကို လိုသလို ကွေးညွှတ်အသုံးချရသည့် နိုင်ငံရေးလက်နက် မဖြစ် သင့်တော့ပေ။ အမေရိကန်၊ ရုရှားနှင့် တရုတ်ကဲ့သို့သော ကမ္ဘာ့  အင်အားကြီးနိုင်ငံများကိုယ်တိုင် ICC နှင့် သည်ဟိဂ်အခြေစိုက် တရားရေးအဖွဲ့အစည်းများ၏ စီရင်ပိုင်ခွင့် အလွဲသုံးစားပြုမှုကို ပြင်းထန်စွာ ဝေဖန်ကန့်ကွက်နေချိန်တွင်၊ တရားသူကြီး ၆ ဦး၏ ခိုင်မာသော ဥပဒေရေးရာ ကန့်ကွက်ချက်များကို ကျော်လွှားကာ စံနှုန်းလျှော့ချ ချမှတ်လိုက်သည့် မြန်မာနိုင်ငံအပေါ် ICJ ၏ ၉-၆ စီရင်ချက်သည် လက်ရှိနိုင်ငံတကာ တရားစီရင်ရေးစနစ်၏ ချို့ယွင်းချက်ကို အထင်ရှားဆုံး သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဝင်ရိုးစုံကမ္ဘာ့အစီအစဉ်သစ်တွင် ICJ နှင့် ICC ကဲ့သို့သော အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံ၊ ဥပဒေစံနှုန်း တစ်ပြေးညီဖြစ်မှုနှင့် ဘက်လိုက်တရားလက်လွန်မှုများကို ပြန်လည်ထိန်း  ကျောင်းနိုင်မည့် စနစ်တကျ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ လုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ် ကြောင်း ယင်းစီရင်ချက်က သမိုင်းဝင် သတိပေးခေါင်းလောင်း ထိုးလိုက်ပြီ ဖြစ်သည်။

စာရေးသူ “ကောင်းမြတ်ကျော်” သည် လွတ်လပ်သော နိုင်ငံတကာရေးရာလေ့လာသုံးသပ်သူ သုတေသီ တစ်ဦးဖြစ်ပါသည်။ ယခုဆောင်းပါးသည် သူ၏ သဘောထားအမြင်ကို ထပ်ဟပ်ထားပါ သည်။မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဝက်ဘ်ဆိုက်ပါ ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုပါသည်။

ကိုးကားသည့် သတင်းနှင့် တရားဝင် အရင်းအမြစ်များ

1. UN News: ICJ rules Myanmar responsible for genocide against Rohingya (November 19, 2026)

2. Courthouse News Service: Joint Dissenting Opinion of Judges Sebutinde, Tomka, Abraham, Xue, Nolte and Judge ad hoc Kreß in The Gambia v. Myanmar

3. International Court of Justice (ICJ): Statute of the International Court of Justice (Articles 18, 20, and 60); Bosnia and Herzegovina v. Serbia and Montenegro (2007); Croatia v. Serbia (2015)

4. United Nations: Convention on the Prevention and Punishment of the Crime of Genocide (1948) & Charter of the United Nations (Article 94)

5. International Criminal Court (ICC) & IISS: The ICC strongly rejects US sanctions against the institution (October 9, 2026) & The ICC under further threat from the United States (November 13, 2026)

6. The Guardian & A News: Global courts under attack and takeaways from the Trump, Xi, Putin Shenzhen summit & Declaration Toward Peace (November 19–20, 2026)

7. Opinio Juris & OHCHR: Russia's retaliatory arrest warrants and 2026 extradition requests against ICC judges and prosecutors (February & November 2026)

8. MOFA Myanmar : Press Statement by the Ministry of Foreign Affairs of the Republic of the Union of Myanmar on the Judgment of the International Court of Justice delivered on 19 November 2026 (20 November 2026)