၅ အောက်တိုဘာ ၂၀၂၄

မြန်မာကလေးငယ်များအတွက် တရားမဝင်ကျောင်းတစ်ကျောင်းဖွင့်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးချက် အရ ချမ်ဖွန်ပြည်နယ် အရာရှိတွေဟာ  နာဆက်ခရိုင်ခွဲ ဘန်ယန်ဂမ်မှာရှိတဲ့ အဆိုပါကျောင်းကို ဝင်ရောက်စစ်ဆေး ခဲ့ရာ မြန်မာစာသင်ပေးနေတဲ့ မြန်မာဆရာမတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက အောက်တိုဘာ ၅ ရက်က သတင်းဖော်ပြကြပါတယ်။

အောက်တိုဘာ ၃ရက်က ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲရေးဌာနက ထောက်လှမ်းရေးအရာရှိတွေဟာ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အလုပ်သမားဌာနတို့မှ အရာရှိတွေနှင့်အတူ အဆိုပါကျောင်းကို သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအခါမှာ သူတို့ဟာ အုန်းတောထဲက အိမ်နံပါတ်မရှိ တရားမဝင်အဆောက်အဦတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ အဲဒီ အဆောက်အဦဟာ အာရှ၄၁လမ်းမကြီးကနေ ၄-၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။

စစ်ဆေးနေစဉ်အတွင်းမှာ အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသူဖြစ်တဲ့ မတင်ဌေး Ms. Tin Tae ဟာ မြန်မာ    ကလေးငယ် ၅၀ ဦးခန့်ကို စာသင်ပေးနေတာတွေ့ရပါတယ်။ သူမရဲ့ထိုင်းအလုပ်ရှင် မစ္စ အာရီယာကိုလည်း အတူ   တွေ့ရပါတယ်။

သူမဟာ မြန်မာကလေးတွေကို မစ္စအာရီယာရဲ့ အဆောက်အဦမှာ စာသင်ပေးနေတာ (၁)နှစ်နှင့် (၈)လရှိပြီလို့ မတင်ဌေးကပြောပါတယ်။သူမဟာ တစ်လကို လစာ ဘတ်၄၀၀၀ ရတယ်လို့လည်းဆိုပါတယ်။ ပြီးတော့သူမဟာ ကျောင်းသားတစ်ယောက်ချင်းစီကနေလည်း လုပ်ငန်းဆောင်ရွက်ခဆိုပြီး ဘတ် ၅၀၀ မှ ၇၀၀ အထိကောက်ယူ တယ်လို့လည်း သူမကပြောပါတယ်။ သူမစာသင်ပေးနေတာကို ပိုင်ရှင် အမျိုးသမီးကသိပေမယ့် ဒါဟာ သူမရဲ့ အလုပ်လုပ်ခွင့်ထက်ကျော်လွန်နေတယ်ဆိုတာကို တစ်ခါမှ သတိမပေးဖူးဘူးလို့လည်းဆိုပါတယ်။ ကလေးတွေ အားလုံးဟာ အဲဒီနေရာတစ်ဝိုက်က မြန်မာကလေးတွေဖြစ်ကြပါတယ်။

အရာရှိတွေက မတင်ဋ္ဌေးကို  အလုပ်လုပ်ခွင့်ပြင်ပကနေ နိုင်ငံခြားသား အလုပ်လုပ်ခွင့်ဥပဒေကိုချိုးဖေက်တဲ့   ၂၀၁၇ ဥပဒေပုဒ်မ ၈နှင့်၂၀၁၈ပြင်ဆင်ချက်ဥပဒေတို့အရ အရေးယူခဲ့ပါတယ်။ သူမနှင့်အတူတွေ့ရတဲ့ မြန်မာပြဋ္ဌာန်းစာအုပ်  လေးအုပ်၊မှတ်စုစာအုပ် (၁)အုပ်၊ ပေတံ၊ ဘောပင်၊မတ်ကာ တို့ကို သက်သေအဖြစ်ရယူပြီး သူမကို နာဆက်ရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။

ဥပဒေအရ သူမဟာ ဒဏ်ငွေဘတ် ၅၀၀၀မှ ၅၀၀၀၀ အထိချမှတ်ခံရနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရမှာလည်းဖြစ်တဲ့ အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း (၂)နှစ် အပိတ်ခံရမှာဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၈နှစ်အောက်ကလေးတွေဟာ လူမျိုး၊အသားအရောင်၊ ဘာသာစကား၊ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေးနှင့် အခြားထင်မြင်မှုတွေ၊ နိုင်ငံသားဖြစ်မှုတွေ စတာတွေ ခွဲခြားမှု မရှိဘဲ တန်းတူကာကွယ်စောင့်ရှောက်ခွင့်ရမယ်လို့ဖော်ပြထားကြောင်း သတင်းကရေးသားပါတယ်။

#ymg/knl