🄱🅁🄴🄰🄺🄸🄽🄶 🄽🄴🅆🅂
နေပြည်တော် မတ်၂၂- လာမယ့် မတ်လ ၂၅ ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေအားလုံး အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ရုံးတက်စရာမလိုဘဲ မိမိတို့ရဲ့ နေအိမ်တွေကနေပဲ အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ စက်သုံးဆီချွေတာရေးအတွက် အသစ်ထုတ်ပြန်လိုက် တဲ့ ညွှန်ကြားချက်တွင် ဖော်ပြပါရှိတာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်လာနိုင် တာကို ကြိုတင်ကာကွယ်ဖို့အတွက်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီ အရန်အတားက လုံလုံလောက်လောက် ရှိနေသေးပေမယ့် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ စွမ်းအင်အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆီသုံးစွဲမှုကို လျှော့ချချင်တာကြောင့် ဒီလို Work From Home စနစ်ကို ကျင့်သုံးရတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် အစိုးရဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့လို အိမ်ကနေ အလုပ်လုပ်ရမယ့်ရက်မျိုးမှာ တာဝန် ကိစ္စကလွဲရင် အပြင်သွားတာမျိုး ဒါမှမဟုတ် ကိုယ်ပိုင်ကား၊ ဆိုင်ကယ် သုံးစွဲတာမျိုးတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အစိုးရဌာနတွေတင်မကဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကိုလည်း ဒီလိုပဲ အိမ်ကနေ အလုပ် လုပ်တဲ့စနစ်မျိုး (Work From Home) ကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တောင်းဆို ထားတာ တွေ့ရပါတယ်။
ဒီအစီအစဉ်ဟာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ဆက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။
#ymg/knl