#Local_News
Published_ 5 May 2023

EV မော်တော်ယာဉ်ပြပွဲကို ပြည်သူ့ရင်ပြင်၌ မေလ ၁၂ ရက်တွက် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

လျှပ်စစ်သုံးယာဉ် EV မော်တော်ယာဉ်များ ပြပွဲကျင်းပနိုင်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေး ခြင်း အစည်းအဝေးကို မေလ ၄ ရက်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ကုမ္ပဏီများ အနေဖြင့် EV မော်တော်ယာဉ်များ အပြင် Charging Station နှင့် ဆက်စပ်ပစ္စည်းအမျိုးအစားများ စုံလင်စွာ ပြသနိုင်ရန်ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

EV မော်တော်ယာဉ်တင်သွင်းသော ကုမ္ပဏီများအနေဖြင့်လည်း လက်ရှိ တင်သွင်းထားသည့် မော်တော်ယာဉ် အမျိုးအစားများနှင့် အ‌ရေအတွက်၊ မှာယူထားသည့် ယာဉ်အမျိုးအစား အရေအတွက် နှင့် ရောက်ရှိမည့်ရက်၊ ပြပွဲအတွက် လိုအပ်ချက်များ၊ ပြပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရန်အချိန် ကန့်သတ်ချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပြပွဲပြုလုပ်ရန် ရည်ရွယ်ခြင်းမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် EV ယာဉ်များ ရှေ့ပြေး စတင် ဆောင်ရွက်လျက်ရှိပြီးနောက် လျှပ်စစ်သုံး EV မော်တော်ယာဉ်များ အသုံးပြုမှု တွင်ကျယ် လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါပြပွဲတွင် လျှပ်စစ်သုံး EV မော်တော်ယာဉ်များ တင်သွင်းဖြန့်ဖြူးပြီး အမြန်အားသွင်းစနစ် Charging Station များ တည်ဆောက်သည့် Chin Dwin Shan Co. (CDS), Essential Motors Co., Ltd (EM), Myanmar Brillance Auto Co.(MBA), Asia Pacific Automaker Corporation (APAC), NPK Motors Co.,Ltd. နှင့် Super Seven Star (SSS) တို့မှ လျှပ်စစ်သုံး EV မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်း အမျိုးအစား စုံလင်စွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/pl #Local_News #EV မော်တော်ယာဉ်ပြပွဲ #ပြည်သူ့ရင်ပြင်
#Yangon_Media_Group