#Local_News
Published_26 January 2023

 

တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ ကြေညာထားသည်။

 

အဆိုပါ စာမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူစာရင်းကိုလည်း POEA က အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ ကုန်ထုတ်လုပ်ငန်း၏ ပထမအသုတ်စာမေးပွဲကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး ၆၀၀၀ ကျော်အောင်မြင်ခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်ကျင်းပသည့် EPSစာမေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်ပထမအသုတ်စာမေးပွဲကို ပြုလုပ်ထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲများ ကျန်ရှိနေကြောင်းသိရသည်။

 

ယင်းအပြင် ကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲပြီးပါက မေလကနေဇွန်လလယ်အထိ ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း POEA က တရားဝင်အသိပေး ကြေညာထားသည်။

 

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။

 

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group