#Local_News
Published_ 26 January 2023

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော် စတင်နေပြီဖြစ်ကြောင်း အဆိုပါ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က သိရသည်။

 

ဇန်နဝါရီလ ၂၅ ရက်က ဘုရားပွဲတော် ၊ အထူးတံတား၊ မုဒ်ဦး နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတို့ကို တစ်ပြိုင်တည်း ဖွင့်လှစ်သည့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)စားရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

 

အောက်စက်တော်ရာသို့ ဘုရားဖူးလာရောက်ကြသူများ သွားလာရေး အဆင်ပြေစေရန် ယခင်ဘေလီသစ်သားတံတားအစား ယခုအခါ ဘေလီသံပေါင်တံတားကို တည်ဆောက်ပေးထားပြီး တံတားကြီး ရေရှည်ကြံ့ခိုင်ကောင်းမွန်ရေး ရေကျော်ရှပ်တာများလည်း ဆောင်ရွက်ပေးထားကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း (၅၀၀)ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၅၀၀)ခန့် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုထားကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

ယင်းဘုရားပွဲတော် ဖွင့်ပွဲနေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့ရာ ယခုနှစ် ပွဲတော်ကာလ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆင်လိမ်မာ ကလေးများ၏ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံတင်ဆက်မှုများ ကိုလည်း တင်ဆက်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group