#LocalNews
Published_ 8 January 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုက Drop Bomb များ ပစ်ချခဲ့သဖြင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ပုလဲမြို့ နယ်၊ ဇီးဖြူကုန်းကျေးရွာ အတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကျေးရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှနေ၍ Drone ယာဉ်များဖြင့် Drop Bomb ၇ လုံး အကြောင်းမဲ့လာရောက်ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် Drop Bomb ၆ လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အဆိုပါကျေးရွာအတွင်း နေထိုင်သည့် ပြည်သူများဖြစ်သည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သေးတင် ၊အသက် ၄၅ နှစ်အရွယ် မညိုထွေး ၊ အသက် ၂၆ နှစ်အရွယ် မေဖြူဖြူသွဲ့ ၊အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းထက်ဇော် ၊အသက် ၁၂ နှစ်အရွယ် မောင်ပြည့်စုံအောင် ၊အသက် ၉ နှစ်အရွယ် မောင်ဟန်မင်းထက် နှင့် အသက် ၂ နှစ်အရွယ် မောင်ပိုင်ပိုင်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်ကြောင်း ၎င်း ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/mt
#Yangon_Media_Group