#Local_News
Published_22 March 2025

▪️ ကမ္ဘာကြီးသည် ယခုအချိန်တွင် ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ပြောင်းလဲလျက်ရှိနေပြီးနိုင်ငံတကာဆက်ဆံရေးများတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုပုံစံများ ပြောင်းလဲလာနေသည်ကိုတွေ့ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

▪️ ယမန်နေ့ မတ်လ ၂၁ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ကျင်းပသည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများသုံးသပ် ဆွေးနွေးပွဲအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

▪️ အလားတူ ဒေသတွင်း အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာနေပြီး Globalization ကာလမှ Regionalization ပုံစံများဆန်းသစ်ပေါ်ထွန်းလာနေသည့် အချိန်အခါကို ပြောင်းလဲလာနေပြီဖြစ်ကြောင်း သိရ သည်။

▪️ ဗဟုဝင်ရိုးကမ္ဘာဟု သိကြသည့်ဝင်ရိုးစုံကမ္ဘာ(Multipolar World) ဆိုသည်မှာ ယခင်က ကမ္ဘာ့စင်မြင့်တွင် အင် အားကြီး နိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအချိန်တွင် အဆိုပါပုံစံ၊ အဆိုပါအခင်းအကျင်းများ နှင့်မတူဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် သိသာထင်ရှားသည့် စုစည်းမှုစွမ်းအားများ ရှိလာ ကြပြီဖြစ်ကြောင်း၊ အဆိုပါစုစည်းအားများက ကမ္ဘာ့စင်မြင့်တွင် ပျံ့နှံ့ဖြာထွက် ဩဇာသက်ရောက်လာသည့် ကမ္ဘာ့ အစီအစဉ်အသစ်တစ်ခုဟု ပြောရမည်ဖြစ်ကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံများကဲ့ သို့ဘက် ပေါင်းစုံမှ တိုးတက်အောင်မြင်လာကြခြင်းများသည်ယခင်ကအစဉ်အလာရှိသည့် အင်အားကြီးနိုင်ငံများ၏ ဩဇာ လွှမ်းမိုးမှုကို စိန်ခေါ်လာနေပြီဟု ဆိုနိုင်ကြောင်းလည်း ယင်းကပြောသည်။

▪️ ထိုသို့ ဩဇာသက်ရောက်မှုပါဝါများသည် နိုင်ငံအတော်များများနှင့် ဒေသအဖွဲ့ အစည်းများဆီကို ကွဲပြားဖြန့် ကြက်လာနေသည့်အတွက် ကမ္ဘာကြီးသည် ယခင်ကကဲ့ သို့ ဩဇာလွှမ်းမိုးမှုတစ်ဖက်စောင်းနင်း မဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာ စေကြောင်း၊ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံတစ်နိုင်ငံတည်းကမှ ကမ္ဘာလုံး ဆိုင် ရာ ရလဒ်တစ်ခုကို ၎င်းကိုယ်ပိုင်ဖန်တီး၍ မရနိုင်တော့သည်ကို အားလုံးက သိမြင်နေကြပြီ ဖြစ်ကြောင်း၊

▪️ ယနေ့ အချိန်တွင် နိုင်ငံတကာပြဿနာများကို ပိုမိုစုပေါင်းပါဝင်သည့် နိုင်ငံစုံအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုး ပမ်းအား ထုတ်မှုများမှတစ်ဆင့် ဖြေရှင်းလာနေ ကြသည်ကို တွေ့ရပြီး တစ်ဘက်တွင်လည်း ဩဇာ ပါဝါကိုယ်စီရှိနေ ကြ သည့် နိုင်ငံများသည် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်ထက် အပြိုင်အဆိုင် ဩဇာလွှမ်းမိုး ရန် ကြိုးပမ်းလာနေ ကြသည်ကိုလည်း တွေ့နေကြရကြောင်းလည်း ယင်းကပြောသည်။

▪️ ပြောင်းလဲလာနေသည့် ဗဟုဝင်ရိုးကမ္ဘာ့အစီအစဉ်ကြီးထဲတွင် နိုင်ငံများသည် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး ပကတိအခြေအနေအသစ်များနှင့် လိုက်လျောညီ ထွေရပ်တည်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခင်က စူပါပါ ဝါတစ်နိုင်ငံတည်းက ကြီးစိုးသည့် အနေအထားမှ အဓိကနိုင်ငံကြီးများက ယှဉ်ပြိုင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှု များနှင့် ကမ္ဘာ့အစီအစဉ်သစ်ကြီးထဲ ပါဝင်လာကြခြင်းသည် နက်နဲသိမ်မွေ့ ပြီး မျှတမှု၊ ပေါင်းစည်းမှု၊ တည်ငြိမ် အေး ချမ်းမှုတို့ကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကြီးဖြင့် အဆင်ပြေ ပြေအံဝင်ဂွင်ကျနှင့် အကျိုးရှိရှိ လိုက်ပါနိုင်ရန် နိုင်ငံအားလုံးသည် မဟာဗျူဟာများချမှတ် ကြိုတင်ပြင်ဆင်ကြရန် လည်း လိုအပ်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌ က ပြောသည်။

▪️ ပထမဆုံးအနေဖြင့် မဟာဗျူဟာမြောက်လုပ်ပိုင်ခွင့် (Strategic Autonomy) ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံများ သည် အင်အားကြီးစူပါပါဝါ တစ်နိုင်ငံတည်းအပေါ် အလွန်အမင်းမှီခိုနေရမှုကို ရှောင်ရှားကြပြီး မိမိတို့၏မိတ် ဖက်များကို တိုးချဲ့ဆက်ဆံ ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ကြမှသာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး မလိုအပ်သည့်ဖိအားများကိုလည်း မိတ်ဖက်များ၏ ပေါင်းစည်းအားဖြင့် ကြံ့ကြံ့ ခံနိုင် လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ မိတ်ဖက်များဟု ဆိုလိုက်ပါကနိုင်ငံများအပြင် ဒေသဆိုင်ရာအဖွဲ့အ စည်း များလည်း ပါဝင်မည်ဖြစ် ကြောင်း။မိတ်ဖက်များကို တိုးချဲ့ဆက်ဆံရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မည့် အစီအမံများချမှတ်နိုင်ရန်လိုကြောင်း၊ စီးပွားရေးအရ၊ လုံခြုံရေးအရနှင့် နည်း ပညာအရဆိုသည့် မတူညီသော နယ်ပယ်အသီးသီးတွင် လိုက်ဖက်ညီအောင် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသ ဖြင့် စီးပွားရေးအ ပိုင်းတွင်လည်း မိမိတို့ အားလုံးသည်ပြောင်းလဲလာနေသည့် ကမ္ဘာ့အစီအစဉ်သစ် (New World Order) နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

▪️ ဈေးကွက်တစ်ခုတည်းကို အလွန်အမင်းမှီခိုနေမှုကို လျှော့ချကြရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ဆက်ဆံရေးများကို ဒေသစုံနှင့်ဖြန့်ကြက်နိုင်စွမ်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြတ် တောက် မှု (Global Disruptions)များကြောင့် ဖြစ်လာနိုင်သည့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် အတွက် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစပ်မှု (Regional Economic Integration) များကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေသ တွင်း ထုတ်လုပ်မှုကွင်းဆက် (Supply Chains) များကို အားကောင်းလာစေရန် ပူးပေါင်းပါဝင်ကြ ရမည်ဖြစ် ကြောင်း၊ နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ စွမ်းအင် နှင့်နည်း ပညာကဏ္ဍများကဲ့သို့ လုပ်ငန်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံကြရ မည်ဖြစ်ကြောင်း။ ထို့ပြင် နည်းပညာနှင့် ဒစ်ဂျစ်တယ် အချုပ်အခြာပိုင်ဆိုင်မှုသည်လည်း အဓိကရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမည့် ကဏ္ဍများပင်ဖြစ်ကြောင်း၊ ဝင်ရိုးစုံကမ္ဘာ၏ ယှဉ်ပြိုင် မှုကြီးထဲတွင်နည်းပညာသည် အခြေခံကျသည့်ကဏ္ဍတစ်ခု ဖြစ်လာနေကြောင်း၊ အထူး သဖြင့် ဉာဏ်ရည်တု(AI)၊ ဆီမီးကွန်ဒတ်တာ (Semiconductors)များနှင့် ဆိုက်ဘာ လုံခြုံရေးများသည် အဆုံး အဖြတ်ပေးလာမည့်နည်းပညာများပင် ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက်နည်း ပညာ ဆိုင်ရာ မိတ်ဖက်များ ထားရှိပြီး ဉာဏ်ရည်တု၊ ဒစ်ဂျစ် တယ်စီးပွားရေး စသည့်အရေးကြီးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း နစက ဥက္ကဌ က ပြောသည်။

▪️ ဗဟုဝင်ရိုးကမ္ဘာကြီးတွင် ယခုထက်ပို၍ လိုက်လျောညီထွေပြောင်း လဲနိုင်ပြီး လက်တွေ့ကျသည့် သံတမန်ရေး ရာ ဆက်ဆံမှု၊ ချဉ်းကပ်မှုများ လိုအပ်လာမည်ဟုလည်းသုံးသပ်ရကြောင်း၊ ပုံသေဆန်လွန်းသည့် အတွေးအခေါ်များ အပေါ် အခြေခံခြင်းထက် သတ်သတ်မှတ်မှတ် အကြောင်းကိစ္စများအပေါ်အခြေခံပြီး မိတ်ဖက်များ တည်ဆောက်ကြရမည့်အပြင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းများတွင် ပါဝင်ထိ တွေ့ ဆက်ဆံမှုများကိုပါ တစ်ဆက်တည်းတိုးမြှင့်ကြရန်လည်း လိုကြောင်းလည်း နစက ဥက္ကဌ က ပြောသည်။

▪️ စွမ်းအင်နှင့် အရင်းအမြစ် လုံခြုံရေးပင်ဖြစ်ကြောင်း၊ စွမ်းအင်၊ ရေနှင့် ရှားပါးသတ္တုများကို ရယူသုံးစွဲ နိုင်ရေး ရေရှည်တည်ငြိမ်ရေးအတွက်အလေးအနက်စဉ်းစားရမည်ဖြစ်ကြောင်း၊ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်၊ နျူကလီး ယားနှင့် အခြားစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ထားရမည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက် မှုများဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရှားပါးသတ္တု များနှင့် စားရေရိက္ခာဖူလုံရေးတို့ကို လုံခြုံစိတ်ချရအောင် စီမံဆောင်ရွက် ထိန်းသိမ်းကြရမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

▪️ ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များဖြစ် ပေါ်ပြောင်းလဲမှု မြန်ဆန်လာ သည့်အတွက် ပြည်တွင်းတည်ငြိမ်ရေး သည် အဓိကနေရာ ရောက်လာကြောင်း၊ သတင်းတု သတင်းမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ် ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန် သက် ရောက်အောင် ကြိုးစားနေမှုများအပေါ် တန်ပြန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလျင် အမြန် ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးနှင့်အတူ ကောင်းမွန်စွာ လိုက်ပါရှင်သန်နိုင် ရေးအတွက် လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံကြရန်၊ လုပ်သား အင်အားစုကြီးကို ပညာ သင်ကြားပေးမှုနှင့် လေ့ကျင့်ပေးမှုများ အသေအချာလုပ် ဆောင်ပေးရန် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

▪️ ဆွေးနွေးပွဲအတွင်း လက်ရှိတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက် လှမ်း နိုင်ရေး ကြိုး ပမ်း ဆောင်ရွက်နေပြီး တိုင်းရင်းသားများ၏ ဆန္ဒများအပေါ် ဥပဒေနှင့်အညီ လုပ်သင့်လုပ် ထိုက်သည်များကို ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံအနေဖြင့် ပတ်ဝန်းကျင်တွင် အိမ်နီးချင်း နိုင်ငံ ၅ နိုင်ငံရှိပြီး လူဦးရေအများ ဆုံးဖြစ်သည့် တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင်တည်ရှိကာ တောင် အာရှ နှင့် အရှေ့တောင်အာရှ ဆက်သွယ်ရေး လမ်းကြောင်းပေါ်၌ရှိ၍ ဆုံချက် (Pivot Area) ဖြစ်ကြောင်း ပြောကြားခဲ့သည်။

▪️ မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်နှင့် အိမ်နီးချင်းနိုင်ငံများ၏လူဦးရေမှာ ၄ ဘီလီယံခန့်ရှိပြီးကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင် နှုန်းခန့် ရှိသည့်အတွက် ကုန်ပစ္စည်းများတင်ပို့နိုင် သော ခိုင်မာသည့်ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် အယူဝါဒရေး ရာကွဲပြားမှု၊ လူမျိုး ရေးကွဲပြားမှု၊ နိုင်ငံရေးစနစ်ကွဲပြားမှုများအပေါ် ပုံကြီးချဲ့ သွေး ထိုးလှုံ့ဆော်ပြီး ပြည် တွင်း လက်နက်ကိုင်ပဋိပက္ခများကြီးမားလာအောင် ဆောင်ရွက်ခဲ့ကြသူများနှင့် ကြုံရကြောင်း သိရသည်။

▪️ ယင်းကြောင့် အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်း ရေး အခြေအနေများထက် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခမှ မငြိမ်းနိုင်သည့် မီးတောက်များကဲ့သို့ ယခုထိ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

▪️ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံလိုအပ်ချက်များမှာ လူ့ စွမ်းအားအရင်းအမြစ်(HR)နှင့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီးနိုင်ငံတွင် လူဦးရေ ၅၁ သန်းခန့်ရှိသည့်အထဲမှ ပညာရေးကဏ္ဍ၌ လိုအပ်ချက်များရှိနေသည်ကို တွေ့ရကြောင်း နစက ဥက္ကဌက ပြောသည်။

▪️ ထို့ကြောင့် ပညာတတ်လူ သားအရင်းအမြစ်များ လိုအပ်သဖြင့်အခြေခံပညာရေးစနစ်ကို မြှင့်တင်နိုင်ရေး အ တွက်စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထား ပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး “မြန်မာ့ပုံရိပ် ဖော် ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” အဖွဲ့ကြီးက စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ သုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာ နှင့်အာရှ၏အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း မှပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

▪️ သုံးသပ်ဆွေးနွေးပွဲကျင်ပရခြင်းမှာ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေ အနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများအားသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများ ရရှိစေရန်ဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP