#Local_News
Published -22 Jan 2025

▪️ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date သက်တမ်းတိုးကာလပြည့်ရန် နှစ်လကျော်သာကျန်ရှိ၍လုပ်ငန်းပြီးစီးရန် ဆောင်ရွက်ရေးညှိနှိုင်းနေကြောင်း သိရသည်။

▪️ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ ( CITIC Group ) ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီ လီမိတက်တို့လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်တွင် ချုပ်ဆိုခဲ့ရာ ယင်း စာချုပ်၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လကာလ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်၍ သက်တမ်း မပြည့်မြောက်မီ နှစ်လအလိုဧပြီလ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားသောကြောင့် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးရေး
သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။

▪️ ဇန်နဝါရီလ ၂၁ ရက် က နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွင်း ယင်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

▪️ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Share-holders’ Agreement) တွင် မြန်မာ-တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက် ၁၆ ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက်လေးချက် စသည့်လုပ်ငန်းတာဝန်များပါရှိကြောင်းသိရသည်။

#Yangon -Times/PP