#Local_News
Published 22 January 2025
▪️ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို ယခုနှစ်၏ သင့်တော်သောအချိန်တွင် စတင်သွားမည်ဖြစ်ကြောင်း လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) က ဇန်နဝါရီလ ၂၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှ သိရသည်။
▪️ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
▪️ “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးဌာနများမှ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ခဲ့ကြသည့်လှုပ်ရှားမှုဖြစ်ပြီးအဆိုပါလှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားသော ရလဒ်များ ရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဘက်အသီးသီးတို့မှ တညီတညွတ်သဘောတူကြကြောင်း သိရသည်။
▪️ ဇင်ယော်လှုပ်ရှားမှုမှတဆင့် ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ယခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် “ဇင်ယော်”ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ်အာရုံစိုက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊အထူးသဖြင့် နိုင်ငံအသီးသီးမှပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသော ပြည်သူ ပြည်သားများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း သိရသည်။
#YMG/SW #Yangon_Times