#LocalNews
Published_11 March 2022

 

ရခိုင်ပြည်နယ် ကျောက်ဖြူကမ်းခြေသို့မျောပါလာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB (02) ထံ လွှဲပြောင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက ထုတ်ပြန်လိုက်သည်။

 

ယင်းငါးဖမ်းစက်လှေမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၇ နာရီအချိန်ခန့်က ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ မျောပါလာသည်ကို ကျောက်ဖြူအာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်၍ ရေစီးဖြင့်မျောပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ငါးဖမ်းသမားများအား ကျောက်ဖြူလဝကနှင့် အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးနောက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး၏အကူအညီဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း၊ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းများ အကောင်အထည်ပေါ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြကြောင်းလည်း သိရသည်။

 

ymg/mt
photo - BCS
#Yangon_Media_Group