#LocalNews
Published 11 March 2022

 

မုံရွာမြို့ ၊ ဇလုပ်ကျေးရွာ၊ ကျောက္ကာ ဆီဆိုင်တန်းတွင် ဒီကနေ့(မတ်လ ၁၁ ရက်)၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုဟာ ဒီကနေ့ နံနက် ၇ နာရီကျော်အချိန်က စတင်ခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့ဝင်တွေက အချိန်တစ်နာရီကြာ ကြိုးစားငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

 

"သူက ဆီဆိုင်တန်း တွေပဲပေါ့ ဘယ်ကစလောင်လဲဆိုတာတော့ မသိရသေးဘူး။ သူက လူနေအိမ်တော့မရှိဘူး၊ ဆီဆိုင်တန်းတွေဘက်ပဲလောင်သွားတာပေါ့။ အခု အဲ့ဒီဆီဆိုင်တန်းက ဖွင့်တော့မဖွင့်တော့ဘူး။

 

ဒါပေမယ့် ဆီတွေဘာတွေသိုလှောင်ထားတာတွေတော့ရှိတာပေါ့ ။ လောင်တာကတော့ တစ်ခန်းထဲပါ၊ ဆီပေပါက ၁၅ လုံးပတ်ချာလည်လောက်ရှိပါတယ်။ လူထိခိုက်ဒဏ်ရာရမှုကတော့ မရှိခဲ့ပါဘူး။"လို့ မုံရွာမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်ကိုကို က YMG ကိုပြောပြခဲ့ပါတယ်။

 

အဆိုပါ ကျောက္ကာ ဆီဆိုင်တန်း မီးလောင်မှုကို စစ်ကိုင်းတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၁)စီး၊ LUF 60 ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

"ကျွန်တော်တို့အသင်းကတော့ ကယ်ဆယ်ရေးယာဉ် (၁)စီးနဲ့ လူနာတင်ယာဉ် (၂)စီးထွက်ခွာပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မီးလောင်ပြင်ဖိနပ်လိုအပ်ချက်ကြောင့် အဖွဲ့သားတစ်ဦး ခြေထောက်မီးအနည်းငယ်ဟက်ခံခဲ့ရပါတယ်။ ကျန်တဲ့လူထိခိုက်မှုကတော့ မရှိခဲ့ပါဘူး။"လို့ ဦးစိန်ကိုကို က ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo - မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ချုပ်(မုံရွာ)

 

ymg/kg
#Yangon_Media_Group