Published_ 19 September 2022

  မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း SIM Card များတွင် အချက်အလက် များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အပြီးပိတ်သိမ်းမှာ ဖြစ်ပြီး ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချိုသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့ အတွက် သုံးစွဲသူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာနှင့် အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သုံးစွဲသူပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ကတ်များကို အချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို အမှန်တကယ် သုံးစွဲနေသော ကတ် များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှု၊ အရောင်းဆိုင်များနှင့် Mobile Shop များတွင် အချက်အလက် မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်၍သုံးစွဲကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

ygm_mnn

#Yangon_Media_Group