#Local_News
Published_ 16 Aug 2022

 

ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို သြဂုတ် (၁) ရက် ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စုစုပေါင်း (၁၀) ဦး ပါဝင်ကြောင်း သိရပါတယ်။

 

ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေးမူဝါဒ လုပ်ထုံး လုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက် အပေါ်မူတည်၍ စက်သုံးဆီများမှာ ယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီ မှန်ကန်ပြီး စျေးနှုန်း သက်သာသည့် စက်သုံးဆီများ ဝယ်ယူတင် သွင်း၍ ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်ဟု အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) တွင် ဖော်ပြထားပါတယ်။

 

ထို့ပြင် စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေး ပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများ အချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ် ဆောင်ရွက်ရန် ဖော်ပြထားပါတယ်။

 

စက်သုံးဆီတင်ဆောင်လာတဲ့ သင်္ဘောများ ရောက်ရှိလာချိန်တွင် အချိန်မီ အရည် အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှုရှိ မရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စစ်ဆေးရန်နှင့် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် အဆိုပါကော်မတီရဲ့ လုပ်ငန်း တာဝန်များမှာ ဖော်ပြထားပါတယ်။

 

တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ သတ်မှတ်ချက်များအတိုင်းလိုက် နာဆောင်ရွက်ရေးကြပ်မတ်ရန်၊ ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက် ဓာတုဗေဒပ စ္စည်းများအပြင် အခြားလိုအပ်ချက်များကိုလည်း နစကရဲ့ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စတဲ့ အချက်များကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

 

ဦးဆောင်ကော်မတီရဲ့ ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များစျေးကွက်ရှာဖွေရေးနှင့် သုတေသနဌာနမှ အထွေထွေမန်နေဂျာက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင်များအနေဖြင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ Star High Co.,Ltd မှ အမှုဆောင် အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil Co., Ltd မှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် Yetagon Energy Trading Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group