#Local_News
Published_10 August 2022

 

ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီးဒေါ်သန်းသန်းနုအား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဌအဖြစ် တာဝန်ပေးကြောင်း အဆိုပါ ပါတီက သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၈ ရက် ည ၇ နာရီခန့်က ဥက္ကဌ ဦးသုဝေ ကွယ်လွန်သွားပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ လစ်လပ်နေသော ဥက္ကဌ တာဝန်ကို ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ယူထားသူ ဒေါ်သန်းသန်းနုအား လွှဲပြောင်းပေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

"တည်ထောင်သူဥက္ကဌကြီး (ဟောင်း) ဦးသုဝေ ကွယ်လွန်ပြီးတဲ့နောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဒေါ်သန်းသန်းနုကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဌကြီးအဖြစ် ပါတီဝင်များအားလုံးက တစ်ညီတစ်ညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့ပြီးဖြစ်ပါတယ်။ ပါတီအရေး၊ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားတော့မှာပါ"ဟု အဆိုပါ ပါတီ တာဝန်ရှိသူက ပြောသည်။

 

ဒီမိုကရက်တစ်ပါတီ (Democratic Party (Myanmar) ကို ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ယခင် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ဖြစ်ကြသော ဒေါ်သန်းသန်းနု (ဦးနု၏သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဦးကျော်ငြိမ်း၏သမီး)၊ ဒေါ်နေရီဗဆွေ(ဦးဗဆွေ၏သမီး) တို့အပါအဝင် စုစုပေါင်း (၂၁) ဦးဖြင့် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု အနေဖြင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိရာ ခြေလက်မသန်စွမ်းသူများအတွက် ခြေတု လက်တု အစားထိုးပေးခြင်း၊ ကျန်းမာရေးအတွက် အရေးပေါ် လိုအပ်သော ဆေးဝါးများ ပေးလှူခြင်း၊ ပညာရေးအတွက် စာအုပ်စာတမ်းများ၊ ကျောင်းသုံးပစ္စည်းများ ပေးလှူခြင်း၊ ပညာရေး ရန်ပုံငွေ အဆောက်အဦး ရန်ပုံငွေများ ပေးလှူခြင်း၊ အရေးပေါ် လိုအပ်သော စားသောက်ဖွယ်ရာ၊ အသုံးအဆောင် အဝတ်အထည်များ ပေးလှူခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_group