#LocalNews
Published - 16 Feb 2022
အများက ကိုးကန့်အဖွဲ့ဟု ပြောလေ့ ရှိသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို တည်ထောင်သူလည်း ဖြစ် ၊ ဥက္ကဋ္ဌဟောင်းဖြစ်သူ အသက် ၉၄ နှစ်အရွယ် ဦးဖုန်ကြားရှင်း ကွယ်လွန်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက်က လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း၊လက်ရှိတွင် ဈာပနအတွက် ပြင်ဆင်နေကြကြောင်း ၊ ဈာပနကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း MNDAA ၏ ပြောရေးဆိုခွင့် ရှိသူကပြောသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်က ဦးဖုန်ကြားရှင်း ကွယ်လွန်ကြောင်း ကောလဟာလ သတင်းများထွက်ပေါ်ခဲ့သေးသည်။

၁၉၈၉ မတ်လ ၁၂ ရက်တွင် ဖုန်ကြားရှင်း နှင့် ဖုန်ကြားဖူးတို့ ညီအစ်ကို ခေါင်းဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ပထမဆုံး ခွဲထွက်ကာ MNDAA ကိုတည်ထောင်ခဲ့ကြကြောင်း သိရသည်။

ဦးဖုန်ကြားရှင်း ၏ ညီ ဦးဖုန်ကြားဖူး မှာ မြန်မာ – တရုတ်နယ်စပ်တွင် အဆုတ် ရောဂါ ဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်က ကွယ်လွန်ခဲ့ကာ ယင်းမှာ ကွယ်လွန်စဉ် အသက် ၈၁ အရွယ် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တွင် စစ်ဦးစီးချုပ် တာဝန်ကို ဦးဖုန်ကြားရှင်း ၏ သားကြီးဖြစ်သူ ဦးဖုန်တာရွှင် က တာဝန်ယူထားကြောင်းလည်း သိရသည်။

ymg/mt
photo-Global Times
#Yangon_Media_Group