၁၉ ဇွန် ၂၀၂၅
ရွေးကောက်ပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ၄၀/၂၀၂၅ ဖြင့် ယနေ့ ဇွန်၁၉ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄သည်
“၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်း ရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦး ဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။"ဟူ၍ဖြစ်ပါတယ်။
ယခင်ပုဒ်မ ၁၄မှာ-
“ ၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင် များထဲမှတစ်ဦးကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ် ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်သည်။” ဟူ၍ဖြစ်ပါတယ်။
ယခင် ပုဒ်မ၁၄ အရ လိုအပ်မှသာ နိုင်ငံ့ဝန်ထမ်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်း နိုင်သော်လည်း ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄ အရ ကော်မရှင်အဆင့်ဆင့်ကို အများယုံကြည် လေးစား ရသူများနှင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများနှင့်ဖြစ်စေ ဖွဲ့စည်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယင်းအတွက် ကော်မရှင်များကို နိုင်ငံ့ဝန်ထမ်းများနှင့်သာဖွဲ့စည်းသင့်ပါက ဖွဲ့စည်းနိုင်ခွင့်ရှိမယ်လို့ အဓိပ္ပါယ် သက် ရောက်မှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ယခင် ဒီမိုကရေစီ အစိုးရ ခေတ်များ၌ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ်ပြင်ဆင်ခြင်းကို နစက အစိုးရခေတ်တွင် ပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။
#ymg/knl