ဇွန်၆- ၂၀၂၅
ရွှေ့ပြောင်းဝင်ရောက်သူအဖြစ် သို့မဟုတ် ရွှေ့ပြောင်းဝင်ရောက်သူ မဟုတ်သူအဖြစ် လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအားလုံးကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် အပြည့်အဝ ရပ်ဆိုင်းလိုက် တယ်လို့ အိမ်ဖြူတော်က ယနေ့ ဇွန် ၆ ရက်နေ့မှာ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုးကြေညာတဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်ခြင်းနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါတယ်။
ရက်လွန် Overstay နေထိုင်ကြတဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံက B‑1/B-2 ဗီဇာကိုင်ထားသူတွေ ရက်လွန်နေထိုင်တဲ့ နှုန်းဟာ ၂၇.၀၇ ရှိတယ်လို့ သမ္မတရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ အဆိုပါ ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၁၀၀ ဦးမှာ ၂၇ ဦးခန့်ဟာ ရက်လွန်နေထိုင်နေကြတာဖြစ်ပါတယ်။ အဲဒီအပြင် F၊ M နှင့် J ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား တွေရဲ့ ရက်လွန်နေထိုင်နှုန်းမှာ ၄၂.၁၇ ရာခိုင်နှုန်းရှိတဲ့အတွက် အဆိုပါဗီဇာကိုင်ထားသူ ၁၀၀ဦးမှာ ၄၂ ဦးခန့်မြန်မာနိုင်ငံသို့မပြန်ဘဲ အမေရိကန်နိုင်ငံတွင် ရက်လွန်နေထိုင်နေကြကြောင်းသိရပါတယ်။
B‑1/B-2 ဗီဇာတိုတာ စီးပွားရေး/ခရီးသွားဗီဇာ ဖြစ်ပါတယ်။ F ဗီဇာကတော့ တက္ကသိုလ်ပညာရေး( ကျောင်းသား)များနှင့် ယင်းတို့၏မိသားစုများအတွက် ဗီဇာဖြစ်ပါတယ်။ M ဗီဇာက လုပ်ငန်းသင်တန်း တက်ရောက်သူများနှင့် မိသားစုများအတွက်ဖြစ်ပြီး J ဗီဇာကတာ့ ဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက် ကြသူများနှင့်မိသားစုများအတွက်ဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၁နိုင်လည်း အပြည့်အဝရပ်ဆိုင်းတဲ့စာရင်းထဲပါဝင်ပြီး အဲဒီ နိုင်ငံ တွေက အာဖဂန်နစ္စတန်၊ချတ်ဒ်၊ကွန်ဂို၊ အီကွေတာဂီနီ၊အီရီထရီးယား၊ ဟေတီ၊အီရန်၊ လစ်ဗျား၊ ဆိုမေ လီယား၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်ကြပါတယ်။
ပြည်ဝင်ခွင့် တစ်ပိုင်းတစ်စကန့်သတ်ခံရတဲ့ နိုင်ငံ(၇)နိုင်ငံကတော့ ဘာရွန်ဒီ၊ကျူးဘား၊လာအို၊ ဆီရာလီ ယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့်ဗင်နီဇွဲလားတို့ဖြစ်ကြပါတယ်။
#ymg/knl